Saturday, September 19, 2009

ပထမဆုံးသော မုသား

ဤကမ္ဘာ၏ အရှေ့ပိုင်းလောက် စေတိယတိုင်းပြည်ဝယ် “ဥပ၀ရ” ခေါ် စေတိယမင်း စိုးစံတော်မူပါသတဲ့။ ထိုမင်းသည် သာမန် မင်းမျိုး မဟုတ်၊ ကောင်းကင်၌ ပျံနိုင်ခြင်း၊ နတ်သားလေးယောက် သက်တော်စောင့်ရခြင်း၊ ကိုယ်မှ စန္ဒာကူးနံ့မွှေးခြင်း၊ ခံတွင်းမှလည်း ကြာညိုရနံ့ သင်းခြင်း၊ ဟူသော တန်ခိုး လေးမျိုးနှင့် ပြည့်စုံသူတည်း။ တက္ကသီလာ( တက္ကသိုလ်)၌ ပညာသင်တုန်းက ပုရောဟိတ်ကြီး၏ ညီဖြစ်သော ကောရကသမ္ဗသည် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးသူဖြစ်၏။ မိမိဘုရင် ဖြစ်လျှင် ကောရကလမ္ဗကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟု ၀န်ခံခဲ့၏။

သို့သော် ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ်ဟောင်းကမူ သူ၏ ရာထူးကို သားအား လွှဲအပ်၍ ရသေ့ရဟန်း ပြုသွားလေသည်။ ကောရကသမ္ဗသည် ရာထူးမရသောကြောင့် သူ၏ နောင်တော် အပေါ် ရန်ငြိုးဖွဲ့၏ ။ ထုံးစံအားဖြင့်လည်း ပုရောဟိတ် ရာထူးမှာ နောင်တော်သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော် သာ လက်ကိုင်ဖြစ်၏ ။ ထို့ကြောင့် နောင်တော်က အခွင့်မပြုသဖြင့် ထိုရာထူးကို အတင်းမပြောင်းလွှဲနိုင်ချေ။ သို့ဖြစ်၍ ထိုရာထူးအတွက် ဘုရင်နှင့် ကောရကသမ္ဗ (သူငယ်ချင်း ၂ယောက်) တို့မှာ အခက်ကြုံရတော့၏ ။

ထိုရာထူးအတွက် ဘုရင်က သူ၏ သူငယ်ချင်းကို ပြောသည် ငါကိုယ်တိုင် သင့်ကို အစ်ကိုကြီး၊ သင်၏ နောင်တော်ကို အငယ် လို့ ပရိတ်သတ်အလယ်မှာ မုသားပြောမည်။ သည်ဆိုလျင် သင်က အကြီးဖြစ်၍ ရာထူးကို ရခွင့်ရှိသည်။ ဒီအခါ ကောရကသမ္ဗက “ မင်းမြတ် သင်အကြံဟာ ကောင်းပါ၏ ။ သို့သော် နောင်တော်က တန်ခိုးကြီးသူဖြစ်တယ်။ ယခုလို မုသားပြောလျှင် နောင်တော်က အရှင်မင်းမြတ်၏ တန်ခိုးတွေကို (တကယ်မကွယ်ပဲ) ကွယ်ပျောက်အောင် လုပ်ပါလိမ့်မယ်။ မြေကြီးထဲကို တကယ်မ၀င်ပဲ ၀င်သလို ထင်အောင် လုပ်လိမ့်မယ်။ ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကားကို မတည်ဘဲ စကားပြောင်းလွှဲသွားလျှင် အကျိုးမရှိနိုင် ” (ဤကား နောင်ထိုအတိုင်းဖြစ်လာလျှင် ဘုရင်စိတ်မပျက်ရအောင် ကြိုတင်၍ တုပ်နှောင်သော စကားများတည်း) ။

၎င်းတို့ နှစ်ဦး ဆွေးနွေးချက်က တစ်မြို့လုံး ပျံ့နှံ့သွား၍ တစ်မြို့လုံးက မုသားဆိုတာမကြားဖူးကြ ၊ အထူး သစ္စာတည်သော ကာလဖြစ်၍ ဘုရင်ပြောမည့် မုသားဆိုတာ ဘယ်လိုဟာပါလိမ့်၊ “ ညိုညိုလား- ရွှေရွှေလား” ဟု မုသား၏ အဆင်းအရောင် အကောင်အထည်ကို စဉ်းစားကြလေ၏။ ထိုမျှလောက် သတင်းကြီးသော မုသားကို ကြည့်ရှု ကြားသိလိုကြသော မြို့သူမြို့သားတို့ဟာ ဘုရင် မုသားပြောမည့်ဌာနကို ခုတင်ကြီးငယ် အသွယ်သွယ် ခင်းလျက် အလုပ်အယက် နေရာယူကာ (၇) ရက်မြောက်နေ့ မတိုင်ခင် ပရိတ်သတ်များ ပြည့်ကျပ် ကျိတ်ခဲနေလေသည်။ ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်မှ ဆိုက်ရောက်လာ၏။
ထိုအခါ......

ရသေ့။ ။ မင်းမြတ်၊ အငယ်ကို အကြီး၊ အကြီးကို အငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။
မင်းမြတ်၊ မုသာဝါဒ ဆိုတာ လွန်စွာ အပြစ်ကြီးပါတယ်။ ရှိသမျှ ဂုဏ်ကို ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ်ပါတယ်။ မုသာဝါဒ ပြောဆိုသူမှန်လျှင် မိမိ ကိုယ်ကျင့်တရားကို သတ်ပစ်ရာ ရောက်ပါတယ်။ ကိုယ်ကျင့် တရားတွေ သတ်ပစ်တဲ့သူဟာ မိမိကိုယ်လည်း မိမိ သတ်ရာ ရောက်ပါတယ်။ မုသားပြောသူကို ကိုယ်စောင့် နတ်များလည်း မစောင့်လိုကြပါ။ ခံတွင်းက အပုပ်နံ့ ထွက် တတ်ပါတယ်။ ရာထူးလည်း လျှောတတ်ပါတယ်။ (ထိုစကားကြားလျှင် ဘုရင်သည် ကြောက်ရွံ့လာ၏။ ကောရကသမ္ဗကို ဘယ်နှယ်လဲ ဟု မေးသောသဘောဖြင့် ကြည့်ရှာသည်)။
ကောရ။ ။ မင်းမြတ်၊ အစတုန်းကပင် သည်လိုပြောပါလိမ့်မယ်ဟု တင်ကြို သံတော်ဦးတင်ခဲ့သည် မဟုတ်ပါလား။
ဘုရင်။ ။ (အနည်းအငယ်ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြောသည်မှာ) အရှင်ရသေ့၊ အရှင်က အငယ်၊ ကောရကသမ္ဗ က ကြီးဖြစ်တယ်။

ဤ မုသားသည် ယခုကမ္ဘာတွင် ပထမဆုံး မုသားတည်း။ ထိုမုသား စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ကို စောင့်နေကျ ဖြစ်သော နတ်သားလေးပါး သန်လျက်ကို ပစ်ချ၍ ကွယ်ပျောက်ကြတော့၏ ။ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့ပျောက်ပြီး ကြက်ဥပုပ်နံ့ ထွက်လာ၏ ။ တစ်ကိုယ်လုံးလဲ စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာသည်။ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်ရှာလေသည်။ ရသေ့က မပြောရန် တားပေမယ့် ဒုတိယမုသားမှာ ခြေမျက်စိထိအောင် ခြေ ၂ချောင်း မြေသို့ ၀င်သွားလေသည်။ (မြေမျိုစပြုလေပြီး)၊ ရသေ့က ထပ်တားပြန်သည် ။ တတိယမုသားမှာ ဒူးဆစ်ထိအောင် မြေသို့ ၀င်သွားလေသည်။ ရသေ့က ပြန်၍ အမှန်တိုင်းပြောလျှင် အရင်တိုင်း ပြန်ဖြစ်လာနိုင်ပါသေးတယ် ပြောသော်လည်း ဘုရင်က “ သင်ကအငယ်၊ ကောရကသမ္ဗ က အကြီး” စတုတ္ထမုသားမှာ ခါးထိအောင် မြေသို့ ၀င်လေသည်။ ပဉ္စမမြောက် မုသားအပြောတွင် ချက်ထိအောင် မြုပ်သွားလေသည်။ ဆဋ္ဌမမြောက် မုသားတွင် သားမြတ်ထိအောင် မြုပ်သွားလေသည်။ သတ္တမမြောက်မုသားတွင် အ၀ီစိမှ မီးတောက် မီးလျှံတို့က အ၀ီစိတိုင်အောင် ယူဆောင်သွားလေသည်။ (အဋ္ဌကနိပါတ်, စေတိယဇတ်။)

ဤ၀တ္ထု၌ မုသာဝါဒ၏ အပြစ်ကား လွန်လွန်းသည်ဟု မှတ်ထင်ကြပေလိမ့်မည်။ စေတိယမင်း၏ မုသားပြောသော အချိန်ကား တစ်စုံတစ်ယောက်မှ မုသားပြောသူမရှိသေး။ အားလုံး သစ္စာတည်သော အခါ ဖြစ်သည်။ ညစ်စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး၊ ဖြူစင်သော ပ၀ါ၌ကား မြူမှုန့်လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အလွန်ထင်ရှား၍ အပြစ်လည်း ကြီးမာလေသည်။ ယခုခေတ်ကား အချို့လူကြီးလူကောင်း ပညာရှိသူတော်ကောင်းတွပင် “ မုသားမပါ လင်္ကာမချော” ဟူသော စကားကို လက်ကိုင်ပြုလျက် မုသားကို ရေလဲနှင့် သုံးစွဲနေကြသော ခေတ်ဖြစ်၏။ ခေတ်အလျောက် မုသား အပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမှု သံသရာ၌ ၀ဋ်လိုက်သော အပြစ်မှာ စေတိယမင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့် အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည် ဖြစ်သောကြောင့် မုသား မှန်သမျှကို အသေးအဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သော သစ္စာကြောင့် အလိုလို အရှိန်အ၀ါတတ်လာပါလိမ့်မည်။

ကဲ့... မုသား စကားပြောကြအုံးမည်လား?
“တစ်ယောက်စကား တစ်ယောက်နားမှာ
မခါးရအောင် မောင်တို့ဆိုလေ
ပျားသကာသို့ ချိုလှစေ”
ဒါက သူတစ်ပါးကို နားထောင်ကောင်းအောင် မိမိရဲ့ နှုတ်ထွက်စကား မကြမ်းတမ်းရအောင် ဆုံးမသည့် ဆုံးမစာဖြစ်ပါသည်။ ပျားသကာ လိုချိုရအောင်ဆိုပြီး မဟုတ်တာတွေ လှိမ့်ပြောပြီး တစ်ဖတ်သူ၏ နားဝင်ချိုအောင် ပြောဖို့ မရည်ရွယ်ထားပါ။ chatting ထိုင်ကြသော ကိုကိုမမတို့ကပြောအုံးမယ် ဒို့က ပါးစပ်နဲ့မပြောဘူး လက်နဲ့ typing တာဆိုပြီး လက်တစ်လုံးခြားလို့ မရပါ။ မုသားဟာ မုသားပါပဲ။ မြတ်စွာဘုရားက သားတော် ရာဟုလာကို ဆုံးမသည့် ဆုံးမစကားလေး တစ်ခွန်းရှိပါသည်။ “မုသားဆို ရီစရာအဖြစ်နဲ့တောင် မပြောလေနှင့်” ။ လက်ရှိလူငယ်တွေမှာ အပေါင်းအသင်းတွေကြား စစနောက်နောက်နဲ့ စနောက်ကြပြီး မုသားကို သတိမမူမိပဲ ကျူးလွန်နေကြပါသည်။ မိမိ၏ မုသား ဤမျှလောက် အကျိုးပေးကြီးမှန်း မသိကြသေးသူများဖြစ်ပြီး, သိကြသော်လည်း လက်တွေ့မကြုံဖူးကြ၍ ယုံကြည်မှုနည်းပါးသောကြောင့် ရှောင်ကြဉ်ဖို့ ၀န်လေးနေကြပါသည်။ စေတိယမင်း၏ မုသားအပြစ်သည် ကြီးကျယ်လွန်းသည်ဟု ထင်ကြမည်သာ, အမေရိကန်မှာ လိင်တူခြင်း လက်ဆက်ခွင့်တောင်းစဉ်က ၀ိုင်းဝန်းကန့်ကွက်ကြပေမယ့် အခုတော့လဲ သူလိုကိုယ်လိုဖြစ်သွားသလိုပေါ့။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကျူလွန်းခြင်း အပြစ်များက ကမ္ဘာကြီး ပျက်စီးဖို့ အကြောင်းဖြစ်နေပါတယ်။ ကမ္ဘာကြီး တိုးတတ်လာပေမယ့် ဆုတ်ယုတ်နေမူကို လိုက်မမှီဖြစ်နေရသည်ကိုသာ သတိမှုကြည့်ပါတော့။ လူသားတွေ ဘယ်လောက် အပြစ်တွေကျူးလွန်မိကြသည်ကို ထင်သာမြင်သာမိကြမှာပါ။

မုသားစကား၊ ပြောဆိုငြားမှု၊ စကားမပီ၊ သွားမညီတည်း,
ပုပ်ညှီပါးစပ်, ခြောက်ကပ် ကိုယ်ရေ,
ဣနြေ္ဒနောက်, ပုံယွင်း ဖေါက်၏ ။ မရောက် ဩဇာ,
နှုတ်လျှာ ကြမ်းထော်, လျှပ်ပေါ်လော်လီ, စိတ်မတည်သည်....
ရှောင်ကြဉ် အပြန်အကျိုးတည်း။
မှတ်ချက်။ ။ အရှင်ဇနကာဘိဝံသ ရေးသားပြုစုသော “ရတနာ့ဂုဏ်ရည်” စာအုပ်, စာမျက်နှာ ၂၁၅မှ ကူးယူပါသည်။

အပြည့်အစုံသို့...

Saturday, July 25, 2009

စကြာမင်းစည်းစိမ်ထက်ကြီးသော သီလအကျိုး

ကိုယ်ကျင့်သီလအကျိုးကြီးမားပုံနဲ့ ပတ်သက်၍ ဘုရားမိန့်တဲ့ စကားတစ်ခု ရှိပါတယ်။ အခါတစ်ပါးမှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို မေးတော်မူပါတယ်။ “ချစ်သားတို့ လောကမှာ အကြီးကျယ်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ လူ့စည်းစိမ်ဟာ ဘာလဲ” လို့ မေးတော်မူတယ်။ရဟန်းတို့က “မှန်လှပါ မြတ်စွာဘုရား၊ လောကမှာ လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာ လူ့ဘ၀ လောကထဲမှာ အကြီးအကျယ်ဆုံး၊ အမြတ်ဆု့းပါပဲ ဘုရား... ” လို့ ပြန်လျောက်ကြတယ်။

ဒီအခါမှာ မြတ်စွာဘုရားက ခဲလုံးလေးတစ်လုံးကို ကောက်ယူ တော်မူကြီး “ချစ်သားတို့.... လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာ ဟောဒီခဲ့လုံး လောက်သာရှိတယ်။ ငါးပါးသီလ ခေါ်တဲ့ ကိုယ်ကျင့်သီလ မဟာဒါနပြု နေသူရဲ့ ခံစားရမယ့် စည်းစိမ်ကတော့ ဟိမ၀န္တာတောင်လုံလောက်ကြီးတယ် ” လို့ ရှင်းပြတော်မူပါတယ်။


“အရိယကန္တ“ ဆိုတာ “ဘုရားအစတဲ့ အရိယာသူတော်ကောင်းတွေ နှစ်သက်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။အရိယကန္တဘုရားအစတဲ့ အရိယာ သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးကြတဲ့ အကျင့်မြတ်တွေကတော့ ငါးပါးသီလပါပဲ။ ငါးပါးသီလကို လုံခြုံအောင် အထူးစောင့်ထိန်းသူကို ဘုရားစတဲ့ သူတော်ကောင်ကြီးတွေက နှစ်သက်ကြတယ်တဲ့ ။

သူတော်ကောင်းတွေ နှစ်သက်မှု, မြတ်နိုးမှုကို ခံရတယ်ဆိုတာ အလွန်တန်ဖိုး ရှိပါတယ်။ ဒါကြောင့် “လူမိုက်တစ်သောင်း၊ ကဲ့ရဲ့ရှေင်းလဲ၊ လူကောင်းတစ်ယောက်၊ ကဲ့ရဲ့ကြောက်” လို့ ဆိုရိုးပြုထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေရဲ့ အကဲ့ရဲ့ကို မခံရအောင် သူတော်ကောင်းတွေ ချီးမွမ်းမှုကို ခံယူရအောင်၊သူတော်ကောင်းတွေ နှစ်သက်တဲ့ ငါးပါးသီလကို အထူးစောင့်ထိန်းကြပါစို့။

အထူးစောင့်ထိန်းကြရမယ်ဆိုတော့ ပေါ့ပေါ့တန်တန် နှုတ်က ရွတ်ဆိုဆောက်တည်ထားရုံနဲ့ မပြီးဘူးပေါ့။ အဲဒီငါးပါးသီလကို လက်တွေ့ မကျိုးမပေါက် မပြောက်မကြားအောင် စောင့်ထိန်းကြရလိမ့်မယ်။ အနည်းငယ်လေးမျှ စွန်းထေးမှု မရှိအောင် စောင့်ထိန်းကြဖို့ လိုလိမ့်မယ်။

စောင့်ထိန်းရမယ့် သီလငါးပါးအနက် တစ်ပါးတစ်ပါး စီမှာ-
(၁) ကိုယ်တိုင်ပြုလုပ်မှု၊
(၂) စေခိုင်းတိုက်တွန်းမှု၊
(၃) ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုမှု၊
(၄) သဘောတူမှု။
ပေါင်း လေးမျိုး ကွဲပြားပါတယ်။ သိက္ခာပုဒ်ငါးပုဒ်အတွက်ဆိုရင် ယခုလို အကျယ်ချဲ့လိုက်တဲ့အခါ ၂၀ ဖြစ်လာပါတယ်။

ဒီ ၂၀ လုံးကို လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်သူမျိုးသာ အရိယကန္တငါးပါးသီလနဲ့ ပြည့်စုံသူလို့ ဆိုရပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ သီလမျိုးဖြစ်နိုင်ပါတယ်။သီလ စောင့်တည်ဖို့ အထွေအထူးကြီး မလိုပါဘူး။ မိမိရဲ့ စိတ်သန္တန်မှာ ကိုယ်ချင်းစာစိတ်လေး ရှိရင် သီလက အလိုလို လုံခြုံပြီးသားပါ။

မိမိအသက်လေး ရှည်စေချင်သလို သတ္တ၀ါတွေ အသက်လေးတွေလဲ ရှည်ချင်ကြမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိပစ္စည်းဥစ္စာလေး သူတစ်ပါးခိုးယူမှာ , ပျောက်သွားမှာ စိုးရိမ်သလို့ တခြားသူတွေလဲ မိမိကိုယ်ပိုင် ဥစ္စာလေး
ပျောက်ဆုံး, ခိုးယူခံချင်ကြမှာ မဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိ သားမယားကို လွန်ကြူသွားတာ, ပြစ်မှားမခံချင်သလို, တခြားသူတွေလဲ သူတို့၏သားမယားတွေကို ပြစ်မှာ ခံချင်မည်မဟုတ် ဟု သိသော ကိုယ်ချင်းစာစိတ်၊
မိမိကို မဟုတ်သော၊ ကြမ်းတမ်းသော၊ အကျိုးမရှိသော စကားတွေ ပြောခံရမှာကို မလိုလားသလို, တခြားသူတွေလဲ ကြားချင်, နားထောင်ချင်ကြမည်မဟုတ် ဟုသိသော ကိုယ်ချင်းစာစိတ်၊ မူးယစ်စေနိုင်သောအရာတွေ မှီဝဲပြီး မကောင်းသော စိတ်တို့နဲ့ နှောက်ယှက်ပေးမှုတွေကို မခံချင်သလို မိမိလဲ မမှီဝဲပဲ နှောက်ယှက်မှု မပေးဘူးဟု သိသော ကိုယ်ချင်းစာစိတ်။

သီလသည် လက်ငင်ချက်ချင်း ချမ်းသာမှုကို လက်တွေ့ခံစားနိုင်ပါသည်။ မိမိလဲ ချမ်းသာသလို မိမိပတ်ဝန်ကျင်လဲစိတ်ချမ်းသာမှု အထောက်အပံ့ဖြစ်ပါသည်။ ဒီလို ကောင်းသော ချမ်းသာမှုတွေ ပေးစွမ်းနိုင်တဲ့ သီလကို လူတွေမစောင့်တည်နိုင်တာ လူတွေရဲ့ စိတ်သည် မကောင်းမှုနယ်ပယ်၌ မွေ့လျော်သည်ဟုဆိုသည်မှာ သက်သေပင် ဖြစ်ပါသည်။ ကောင်းမှုမှာ ပျော်မွေ့နိုင်သော ကာယ၊ ၀စီ၊ မနှော သုံးပါးကို လုံခြုံ ချမ်းသာအောင် ထိန်းသိမ်းစောင့်တည်နိုင်ကြပါစေ.....

သီလအကျိုး(လင်္ကာ)

သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ
တောင်းတိုင်း၊တတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို
ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း
ဂုဏ်သတင်းလည်း သင်းပျံ့မယ်၊
ရောက်လေရာရာ ပွဲလယ်တင့်လို့
ရဲ့ရင့်ရွှင်ပျ ခင်ကြမယ်။
သေရသော်ပင် သတိကောင်းလို့
ဂတိပြောင်းတော့ နတ်ပြည်ဝယ်
သီလကောင်းကျိုး ချက်ချင်းတိုး
အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ
ဒီဘ၀တည်ကြ၊ မြဲကြမယ်။
(ဗုဒ္ဓဘာသာ-တရားတော်-အခြေခံဆင့်)

အပြည့်အစုံသို့...

Friday, June 12, 2009

ဖတ်သင့်တယ်(၁)

ဖတ်သင့်တယ်လို့ ယူဆလို့ မဖတ်မိကြမှာ စိုးသောကြောင့် ဖတ်သင့်တယ်လို့ ခေါင်းစဉ် တင်လိုက်ရတာပါ။ စိတ်ဝင်စားမယ့်ထင်တဲ့ မေးခွန်းလေးနဲ့လဲ ခေါင်းစဉ် တင်မလိုပါပဲ ခေါင်းစဉ်ကမေးခွန်းက ရှည်လွန်းသည် ထင်၍ ဖတ်သင့်တယ် လို့ ခေါင်းစဉ် တင်လိုက်ရပါသည်။ ဖတ်ရှု ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါသည်။ ကျွန်တော်၏ ကျေးဇူးနဲ့အတူ အသိတရားများလဲ ရအောင်ဖတ်ရှုနိုင်ပါစေ။
စိဝင်စားစရာ မေးခွန်းကတော့ လူတွေ ပြုလုပ်နေတဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေကို ဘယ်သူတွေ ဘယ်လို ခံစားရသလဲ? စာဖတ်သူ ဘယ်သူတွေခံစားသည် ထင်သနည်း။ ဖြေကြမယ် ကိုယ်ပဲခံစားရမယ်ပေါ့။ ဟုတ်တော့ဟုတ်တယ် ဘယ်လိုခံစားသလဲ? အောက်က ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။
သက်တော ၉၉ နှစ၊် ၉ လ၊ ၉ ရက် နေတော်မူ သွားသော ဓါတ်တော်ကျ ရဟန္တာဘုန်းတော်ကြီး ဦးသာရွှန်း၏ ဩ၀ါဒ ထဲမှ ထုတ်နုတ် ဖော်ပြချင်းဖြစ်ပါသည်။ ၎င်းဩ၀ါဒမှာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ကိုခွဲခြား သိအောင် ရေးသားထားသော ဆောင်းပါ နှစ်ပုဒ် ဖြစ်ပါသည်။
၂၀၀၀ ခုနှစ်၏ မိုးတွင်းကာလပင်ဖြစ်၏။ ကျွန်ုပ်နေထိုင်ရာ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းရှေ့တွင် ကုက္ကိုပင်ကြီး နှစ်ပင်ရှိ၏။ အရိပ်အာဝါသကောင်းသဖြင့် လမ်းသွားလမ်းလာများ မကြာခဏ နားခိုကြ၏။ ခုံတန်းရှည်များနှင့် သောက်ရေအိုးစင် တစ်ခုကို စီမံပေးထားခြင်းကြောင့်လည်း လူပုဂ္ဂိုလ်များသာမက ရဟန်းသာမဏေများပင် ၀င်ရောက်နားနေ တတ်ကြ၏။ ဤအမှတ်(၆) ရပ်ကွက်အတွင်းတွင် ဘုန်းကြီးကျောင်းပေါင်း (၇၀) ခန့်ရှိ၏။ ရန်ကုန်ဘုန်းကြီးလမ်းရှိ သရက်တောတိုက် ကဲ့သို့ ဘုန်းကြီးကျောင်း ရပ်ကွက်ကြီးတစ်ခုပင်ဖြစ်၏။ ဤ တစ်ရပ်ကွက်လုံးတွင် ကျွန်ုပ်ကျောင်းမှ ရေသည် အကောင်းဆုံးအလေးပင်ဆုံး ဖြစ်နေခြင်းပင်။ ရန်ကုန်မြို့ပေါ်မှ ဒကာများပင် ဂျိုးဖြူ ရေထက်ပင်ကောင်းသည် ဟု ချီးမွမ်းကြ၏။ ကျွန်ပ် စာချဘုန်းကြီးဘ၀က စာသင်သား သံဃာ (၃၀) ကျော်အတွက် တစ်နေ့လျှင် ရေစည် ၂၀ ခန့် သုံးနှစ်ကြာ တုံကင်နှိပ်လှူခဲ့သော ကုသိုလ်ကြောင့်ဟု ထင်မိ၏။ ထိုသို့ ရေကောင်းသဖြင့်လည်း လူရော ရှင်ရဟန်းပါ နားနားနေနေ ရေ၀င်သောက် ကြခြင်းဖြစ်၏။ ထိုရက်က ကျွန်ုပ်တို့ နေ့ဆွမ်းစားပြီးစအချိန်တွင် ဖြစ်၏။ ကျောင်းရှေ့ ကုက္ကိုပင်အောက်တွက် အသက် အစိတ် သုံးဆယ် ၀န်းကျင်ရှိ မိန်းကလေးသုံးယောက် မယောင်မလည် ရပ်နေသည်ကို တွေ့ရ၏။ သုတို့ အမူအရာမှာ တစုံတခုကို မဆုံးဖြတ်နိုင် ဖြစ်နေဟန်ကို တွေ့ရသဖြင့် ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်၏။


မိန်းကလေး သုံးယောက် မယောင်မလည်နှင့် လိုက်ပါလာကြ၏။ ရောက်လာသော နှစ်ယောက်က ကျွန်ုပ်ကို ဦးချသော်လည်း ကျန်တစ်ယောက်က ဦးမချနိုင်ဘဲ သူ့လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ပ၀ါနှင့် စပယ်ပန်း တစ်ကုံးကိုသာ မျက်လုံးအ၀ိုင်းသာနှင့် စိုက်ကြည့်နေ၏။ ဘယ်လိုသဘောပါလိမ့်ဟု ကျွန်ုပ်ပင် တွေးမရအောင် ဖြစ်သွားသဖြင့် ထုတ်မေးလိုက်ရ၏။ “ ဒါယိကာမလေး အဲဒီလက်ကိုင်ပ၀ါနဲ့ ပန်းမှာ ဘာထူးခြား ချက်ရှိနေလို့လဲပြောပါဦး ”
သူက ကျန်နှစ်ယောက်ကို မေးဆက်ပြပြီး ပြောလိုက်ရမလားဟု ခွင့်ပြုချက်တောင်း၏။ ကျန်နှစ်ယောက်က ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်၏။ ထိုအခါ ကျမှသူမသည် လက်ကိုင်ပုဝါနှင့် စံပယ်ပန်းကုံးကို ဘေးကိုချထားပြီး လျှင်ကျွန်ုပ်ကို ဦးချ၏။ ပြီးလျှင် လက်ကိုင်ပုဝါနှင့် စံပယ်ကုံးကို လက်ညှိုးထိုးပြပြီး ပြော၏။
အဲထဲမှာ တပည့်တော်တို့အဖွားရဲ့ ၀ိညာဉ်ကောင်လေးရှိတယ်ဘုရား ”
“ဟေ”
ကျွန်ုပ်ပါးစပ်မှ ထိုအာမေဋိတ်တစ်ခု သာထွက်နိုင်တော့သည်။
“ အစအဆုံးရှင်းပြစမ်းပါဦး၊ မင်းတို့ အဖွား ၀ိညာဉ်ကဘယ်လိုလုပ်ပြီး ဒီလက်ကိုင်ပုဝါထဲ ရောက်နေရတာလဲ ”
“ ဒီလိုပါဘုရား လွန်ခဲ့တဲ့ တစ်ပတ်က တပည့်တော်တို့ အဖွားဆုံးပါတယ်။ ဒီလက်ကိုင်ပုဝါနဲ့ ပန်းကုံးလေးက အဖွားသုံးခဲ့တာပါ။ သုဿန်မှာသဂြိုဟ်ပြီးတဲ့အခါ ရက်လည်ဆွမ်းကျွေးပြီး အဖွားကို အမျှပေးဦးမယ်။ အခု အိမ်ကိုလိုက်ခဲ့ပါလို့ ပြောပြီး အဖွား ၀ိညာဉ်ကို ခေါ်ခဲ့ကြပါတယ်။ ကျွန်ုပ်မှာ သူတို့ စကားကို ရယ်ချင်သော်လည်း သူတို့ကို အားနာသဖြင့် မရယ်မိပါ။ အလိုက်တသင့်လှမ်းမေးရင်း စိတ်ဝင်တစား နားထောင်နေရသည်။
ဒါနဲ့ မင်းတို့ အဖွား ၀ိညာဉ်က အခုရက်လည်ဆွမ်းကျွေးပြီး အမျှလည်း ဝေပြီးလို့ အဖွားဝိညာဉ်လေးကို အရိပ်အာဝါသကောင်းတဲ့ သစ်ပင်နားမှာ သွားထားပေးပါလို့ မိဘများက ခိုင်းလို့ တပည့်တော် တို့လာထားတာပါ။ အဲဒါ ဆရာတော်က ကျောင်းထဲကို ခေါ်လိုက်တော့ လက်ကိုင်ပုဝါကို ကြမ်းပြင်ပေါ်မှာ ချမိသွားပြီး ”
“ အဲဒီတော့ ဘာဖြစ်လဲ ”
“ အဖွားဝိညာဉ်လေးက လက်ကိုင်ပုဝါချတဲ့နေရာမှာ နေမှာတဲ့ ဘုရား ၊ အဲဒါဆိုရင် အဖွားဟာ ဆရာတော် ကျောင်းထဲမှာပဲ နေတော့မယ်ထင်တယ် ”
“ သြော် လက်စသတ်တော့ မင်းတို့က သရဲလာအပ်တာကိုး။ ရပါတယ်။ ငါ့ကျောင်းက ကျောင်းသား ကိုရင်တင် လက်ခံတာမဟုတ်ဘူး သရဲလဲ လက်ခံတယ် ”
ကျွန်ုပ်စကားကြောင့် သူတို့သောကများ တဒင်္ဂပျောက်သွားပြီး ရယ်မောကြသည်။ သူတို့နေထိုင်ရာရပ်ကွက် နှင့် လမ်းကို မေးမြန်းကြည့်သောအခါတွင်မှာ ကျောင်းမှ ဦးပဉ္ဇင်းတစ်ပါး၏ ဆွမ်းခံအိမ်ဖြစ်နေသည်ကို သိ၏။ သူတို့သုံးယောက်တွင် နှစ်ယောက်က ဘွဲ့ရကျောင်းဆရာမများ ဖြစ်ကြ၏။ ထိုနှစ်ယောက်တွင် တစ်ယောက်က စိတ်ဝင်တစား မေးခွန်းတစ်ခုကို မေးလာ၏။
“ဆရာတော် ၀ိညာဉ်ဆိုတာ ဒီလိုခေါ်လို့ရသလား ”
“အင်း လောကီရေးမှာသာ ဘွဲ့ရကြတာ။ ဘာသာရေးမှာတော့ မူလတန်းအဆင့်တောင်မရောက်သေးပါလား ” ဟု ယခုခေတ် လူငယ်များအတွက် အားမလို အားမရဖြစ်မိ၏။
ဝိညာဉ် ဆိုတာကိုက မရှိပါဘူး။ လူတစ်ယောက်မှာ အာရုံကို မသိတတ်တဲ့ ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိပါတယ်။
မြင်တာကရုပ်၊ သိတာကနာမ်
ကြားတာကရုပ်၊ သိတာကနာမ်
နံတာကရုပ်၊ သိတာကနာမ်
စားတာကရုပ်၊ သိတာကနာမ်
ထိတာကရုပ်၊ သိတာကနာမ်
တွေးတာကရုပ်၊ သိတာကနာမ်
လို့မှတ်ထားပေါ့။ ဒီထဲက အာရုံကို သိစိတ် နာမ်တရားကိုပဲ ၀ိညာဉ် ကောင်လို့ ထင်ပြီး မှန်းဆပြောနေကြတာပါ။ ခုလို ကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်ပေါ့။ ရုပ်အနိစ္စ အမြဲမရှိလို့ ၀ိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အလုံးအခဲ အရည်အဖတ် အမှုန်အမွှား ရယ်လို့ မရှိဘူး။ သဘောတရားမျှပဲရှိတယ်။ ရုပ်ရဲ့ အဓိပ္ပါယ်ကတော့ ဖေါက်ပြန် တတ်တဲ့သဘောတရား လို့ ဖြစ်တယ်။ တစ်ခုခြင်းပြောရရင် ပထ၀ီဓါတ်ဟာ မာတဲ့သဘော ပျော့တဲ့သဘောလေး ပဲပေါ့။ အာပေါဓါတ်ဟာ ဖွဲ့စည်း တဲ့သဘော ယိုစီးတဲ့ သဘောလေး ပဲပေါ့။ ဒီပရမတ်ရုပ်တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ (၅၈၈၀) ကျော်ဖြစ်ပျက်နေကြတယ်။ သိတတ်တဲ့ နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေတစ်သိန်းဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲ ပျက်နေတာပဲ ရပ်နားနေကြတယ် လို့မရှိပါဘူး။ သံဃာ ဆိုတဲ့ စကားနှစ်လုံးကို ပြောလိုက်တဲ့အခါ “သံ ”ကိုပြောသခိုက်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ် တရားတွေဟာ “ ဃာ ” ဆိုတဲ့ ဒုတိယမြောက် စကားလုံးရောက်ချိန်ထိ မခံကြတော့ဘူး။ “ သံ ” ဆိုတဲ့ စကားလုံးပြောပြီးအချိန်မှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီး၊ “ ဃာ ” ဆိုတဲ့ နောက်စကားလုံးကို နောက်ထပ် ရုပ်သစ် နာမ်သစ်နဲ့ ပြောနေရတာပေါ့။ ဒါကြောင့် အမြဲတမ်းမရပ်မနား ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ မပျက်မစီး အမြဲတည်နေတဲ့ ၀ိညာဉ်ကောင် အဖြစ် ဘယ်မှာ ရှိနိုင်ပါ့မလဲ။ ”
“ ဒါဆိုရင် သေသွားတဲ့ သူဟာ (၇) ရက်အတွင်း ဘယ်မှ မသွားပဲ အိမ်ဝိုင်းထဲမှာ ပဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား ”
“ ဘယ်ဟုတ်တော့မှာလဲ၊ အရင်းလဲ အဖျားထင် ဖြစ်ပေါ့။ ၀ိညာဉ်ကောင်လို့ မှ မရှိပါဘူး ဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇) ရက် လာနေလို့ရပါ့မလဲ ”
ယခုလို ရှင်းပြတော့လည်း သူတို့ ထိုက်သင့်သလောက် သဘောပေါက်သွာဟန်တူသည်။ စိတ်ဝင်တစား ရှိလာကြသည်။ တစ်ယောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးခွန်း တစ်ခု မေးလာ၏။
“ ဒီလို အမြဲတမ်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ နောက်ဘ၀ကို ဘယ်လို ကူးသွားသလဲဘုရား၊ ဒီမှာ ၀ိညာဉ်ကောင် မရှိဘူးဆိုရင် အခုဘ၀ပြုခဲ့တဲ့ ကုသိုလ်, အကုသိုလ် ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုး ကို ဘယ်သူတွေက ခံစားသလဲဘုရား ။ ”
ယင်းကဲ့သို့သော မေးခွန်းမျိုးကို ကျွန်ုပ် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရ၏။ ဆရာကြီး ဦးဗဂျီငို ရေးသားသော ဂမ္ဘီရ၀ိပဿနာရှုပွားကျမ်း ဒုတိယအတွဲတွင် ဖြစ်၏။ ဆရာကြီး အမေရိကန် ရောက်စဉ်က မေးမြန်းကြသော မေးခွန်းများအနက် တစ်ခုဖြစ်၏။ ယင်းစာအုပ် ၌မေးခွန်းကိုသာ ဖော်ပြထားသော်လည်း အဖြေကိုကား ရေးမထားပါ။ စာပေဗဟုသုတ် ရှိသောသူများအတွက် အဖြေမှာ မခဲယဉ်းဟု ရေးထား၏။ စာပေဗဟုသုတ် မရှိသော သူများအတွက်ကား ခဲယဉ်းသော မေးခွန်းတစ်ခုပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း အသေအချာသိသင့်၏။ ထို့ကြောင့် စိတ်ရှည်ရှည်ပင် ရှင်းပြရ၏။
ပုထုဇဉ်တွေသေရင် ရောက်နိုင်တဲ့ ဘုံငါးမျိုး ရှိတယ်။
လူဘုံရောက်နိုင်တယ်
နတ်ဘုံရောက်နိုင်တယ်
ငရဲဘုံရောက်နိုင်တယ်
ပြိတ္တာဘုံရောက်နိုင်တယ်
တိရစ္ဆာန်ဘုံရောက်နိုင်တယ်
“ အသူရကာယ်နဲ့ ဗြဟ္မာဘုံရော မရောက်နိုင်ဘူးလား ဘုရား ”
“ ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလို ဒေ၀သဒ္ဒါဟာ ဗြဟ္မာကိုလည်း ဟောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါကြောင့် ပြိတ္တာထဲမှာ ထည့်ထားတာ ”
ဟိုဘက်ဘုံ အသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်က ဘ၀က ရုပ်တရား နာမ်တရားတွေ တစ်ခုမှ ပါမသွားကြဘူး။ ဒါပေမယ့် ဒီဘ၀က နာမ်နဲ့ ကင်းတော့ မဖြစ်ကြဘူး။ အသစ်ထပ်ထပ်ဖြစ်ကြရတာ။ ဒီဘက်ဘ၀ နေခင်း (၁၂) နာရီက သေမယ်ဆိုရင် ဟိုဘက်ဘ၀ မိခင်ဝမ်းထဲမှာ (၁၂) နာရီတိတိမှာ သွားဖြစ်တယ်။ ရုပ်သစ် နာမ်သစ် အသစ်ဖြစ်တာကို ပြောတာနော်။ ဒီဘက်ဘ၀က ၀ိညာဉ်ကောင်လေးက ဟိုဘက်ဘ၀ မိခင်ဝမ်းထဲဝင်သွားတာလို့ ထင်မနေနဲ့။
သေသွားတဲ့ အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ ဝေတဲ့ အမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ ဘုရား ”
“ ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါပေမယ့် ဒီကုသိုလ်တွေက အလကား ဖြစ်မသွားပါဘူး။ ဒီကုသိုလ်ရဲ့ ကောင်းကျိုး, ဆိုးကျိုးကို ပြုတဲ့သူ ခံစားရမယ်။ ဘ၀အဆက်ဆက်တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးဟောင်းတွေ အများကြီးရှိတယ်။ သူတို့တစ်တွေလဲ သာဓုခေါ်နိုင်တယ်။ ”
“ ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသူကို ရည်မှန်းပြီး လှူတဲ့ အလှူကိုတော့ ဧကန် မုချပြုသင့်ပါတယ်။ သေပြီး နတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ ပဋိသန္ဓေ ဟာ တစ်ဆက်တည်း နေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ဆိုတာ နောက်ဘ၀မှာ အသစ်ဖြစ်တဲ့ စိတ်။ သူတို့ နှစ်ခု အကြားထဲမှာ ဘာမှမရှိဘူး။ ချက်ချင်းပဲ။ သဂြိုဟ်မှာတော့ အနန္တရမေ၀ဆိုတဲ့ ပါဠိနဲ့ပြတယ်။ မြန်မာလိုတော့ ချက်ခြင်းပေါ့။ ကျန်တဲ့ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်း သွားဖြစ်တာပဲ။ အိမ်နားမှာ (၇) ရက်နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲ ရှိတယ်။ ဒီပြိတ္တာဘုံဘ၀ရောက်ခဲ့လျှင် ကျွတ်လွတ်ပါစေဆိုတဲ့ စေတနာနဲ့ ဆွမ်းသွတ်တဲ့ ကုသိုလ်ကို ပြုကြတာဖြစ်တယ်။
“ ဒီဘက်ဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်လည်းပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာကို ဆက်ရှင်းပါဦးဘုရား ”
“ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ပြုတဲ့အခါ ဇောစေတနာတွေ ဖြစ်တယ်။ ဒီဇောစေတနာတွေဟာ နာမ်တရား ဖြစ်လို့၊ ဖြစ်ပြီး ပျက်သွားတာမှန်ပေမယ် နောက်ဘ၀မှာ ကောင်းကျိုး ဆိုးကျိုး ဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ ခေါ်တဲ့ ကံနဲ့ ခန္ဓာ ဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀သစ် ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ ”
“ ပုံစံနဲ့ ပြောကြည့်မယ်၊ ကျောင်းဒကာ အနာထပိဏ် သေတယ်။ ကျောင်းလှူတဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားလာဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓအလိုကျ ယူရမှာက နတ်သားလာ ဖြစ်တဲ့အခါမှာ အနာထပိဏ်ဘ၀က ရုပ်တရား နာမ်တရားတွေ နတ်ပြည်ကို တစ်ခုမှ ပါမလာဘူး။ ”
“ ဒါပေမယ့် အနာထပိဏ် ရဲ့သေခြင်းနဲ့ ကင်းပြီးတော့ လည်း နတ်သားလာ မဖြစ်နိုင်ပြန်ဘူး ”
“ သိပ်ခက်တယ် ဘုရား တပည့်တော် တို့ဉာဏ် နဲ့ မလိုက်နိုင်တော့ဘူး။ ”
“ ဒီလိုဆိုရင်လဲ ဥပမာ ပေးပြီး တစ်မျိုးကြိုးစားကြည့်မယ် ဋီကာကျော်ကျမ်းမှာတော့ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုး ပေးထားတယ် ”
မီးတိုင်ရယ်
တံဆိပ်တုံးရယ်
ပဲ့တင်သံရယ်ပဲ။
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင် ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့ မီးဟာ ပထမအတိုင်က ကူးလာတဲ့ မီးတွေလား။? ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့ မီးတွေလား ? ဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေက ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မီးနဲ့ ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင်ဟာ မီးမတောက်နိုင်ပါဘူး။ ထို့အတူ ကျောင်းဒကာအနာထပိဏ်ဘ၀က ရုပ်နာမ် တရာတွေဟာ နတ်ပြည်ကို တစ်ခုမှ ကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ ကင်းပြီးတော့လည်း နတ်ပြည်မှာ နတ်သား လာမဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်သွယ်မှုလောက်ပဲရှိတယ် လို့ယူရမှာပေါ့။
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်းခေါင် ပေါ် ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့ နေရာမှာ သင်္ကန်းမှာ ထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ် မဟုတ်ဘူး။ ဒါပေမယ့် သံပြားက ဂဠုန်ရုပ်နဲ့ ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့ အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်ကကျောင်းဒကာ အနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ် နာမ်သစ် ထပ်ဖြစ်တာပါး ဒါပေမယ် လူ့ပြည်က အနာထပိဏ်နဲကလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါကတံဆိပ်တုံး ဥပမာပေါ့။
ပဲ့တင်သံ ဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ “ဟေး”်ကနဲ တစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ၊ တတိယ ပဲ့တင်သံများပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့ အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့ လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်စပ်မှုကတော့ ရှိနေပါတယ်။ ထို့ အတူ နတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲ့ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာထပိဏ်ရဲ့ ရုပ်နာမ်နဲလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင် ၀ိညာဉ်ကောင်ပါမသွားပဲ ဘ၀သစ်ဖြစ်ပုံကို မင်းတို့ နားလည်လောက်ပြီး ထင်တယ် ”
“ မှန်ပါ နားလည်ပါပြီးဘုရား ”
“ တကယ်နားလည်သွားတယ် ဆိုရင်တော့ သိပ်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်နာမ် တစ်ပါးပါးကို မပျက်မစီး အမြဲတည်တယ်လို့ အယူမှားတဲ့ သဿတဒိဋ္ဌိ ခံနေရင် ၀ိပဿနာ အားထုတ်တေင် တရားမရဘူး ဖြစ်တတ်တယ်။ အခုလို ရှင်းရှင်းလင်း လင်း နားလည်သွာတယ်ဆိုရင် မဂ်လမ်း ဖိုလ် လမ်း ပွင့်သွားတာပေါ့။”
ကောက်နုတ်ချက်လေးကတော့ ဒါပါပဲ။ စာဖတ်သူ သူငယ်ချင်းများလဲ မိမိသန္တာန်မှာ စွဲထင်နေသော အယူမှား အသိမှားများကို ပယ်သတ်နိုင်သော အကြောင်းအကျိုး နှစ်ပါးကို ဝေဖန်ပိုင်းခြားနိုင်သော, လူတော်လူကောင်း များဖြစ်နိုင်ကြပါစေ။ ဥပမာများနဲ့ ရေးသား ဖော်ပြှရှင်းပြထားသော ဆရာတော်ကြီးများကိုလဲ အစဉ်ဦးခိုက်ရိုသေလျှက်-
မှတ်ချက်။ ။ အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ “ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ” စာအုပ်မှ

အပြည့်အစုံသို့...

Friday, May 22, 2009

ဝိပဿနာဘာဝနာ ပွားများပါ

‘ ဗုဒ္ဗုပ္ပါဒုလ္လဘ’ = ဘုရားပွင့်တဲ့ အချိန်အခါ ဘုရားသာသနာနဲ့ ဆုံတွေ့ရခြင်းဟာ အလွန်တရာခက်ခဲတဲ့ ဒုလ္လဘတစ်ရပ် ဖြစ်ပေတယ်။ သာသနာနဲ့ ဆုံတွေ့တဲ့အခါမှာ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာလောက် ရည်မှန်းတာဟာ တစ်ဘ၀နှစ်ဘ၀စာ ချမ်းသာရေး အတွက် ရည်မှန်းခြင်းသာ ဖြစ်ပါတယ်။ အပါယ်သံသရာ သို့မရောက် ဖို့အတွက် ဘ၀အာမခံချက်မရှိဘူး။ အနည်းဆုံး သောတာပန် ဖြစ်မှ အပါယ်သံသရာမှ လွတ်မြောက်နိုင်ပြီး ဘ၀ချမ်းသာရေးအတွက် အာမခံချက်အပြည့်အ၀ရှိပါတယ်။ သာသနာတော်ကတော့ အမြင့်မြတ်ဆုံးဘ၀ချမ်းသာနဲ့ ဘ၀ဆုလာဘ်ဖြစ်တဲ့ အရဟတ္တမဂ်ဖိုလ် အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ ရယူချင်တာ မယူချင်တာက လူတစ်ဦးစီရဲ့ ကိစ္စပါ။ ဘ၀ဆင်းရဲနဲ့ဘ၀ ချမ်းသာကို တကယ်သဘောပေါက်နားလည်ရင် အမှန်လိုချင်မှာ ဖြစ်ပါတယ်။ သောတာပန်- သကဒါဂါမ် - အနာဂါမ် - ရဟန္တာ အထိမြင့်မြတ်လှတဲ့ ဘ၀အဆင့်ဆင့်ကို တတ်လှမ်းဖို့ အတွက် မြတ်စွာဘုရားချမှတ် ပေးထားတဲ့ လမ်းစဉ်လှေကားကတော့ ‘ မဇ္ဈိမပဋိပါဒါ ’ အမည်ရတဲ့ ‘မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား’ ဖြစ်ပါတယ်။ ဒီကျင့်စဉ်တရားကို လက်တွေ့ လိုက်နာကြတဲ့ သူတို့ဟာ ၀ိပဿနာရှုပွားကြရပါတယ်။ ၀ိပဿနာ ဆိုတာဘာလဲ။သတ္တ၀ါ တို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ရုပ်တရား နာမ်တရားတို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော၊ အသုဘသဘော တို့ကို ပရမတ်ကျကျထင်မြင်အောင် ရှုပွားတတ်တဲ့ ဉာဏ်ပညာကို ၀ိပဿနာလို့ ခေါ်ပါတယ်။ ၀ိပဿနာကို ဘယ်လိုရှုပွားရမလဲ။

‘ပထမ- သီလ၀ိသုဒ္ဓိ ’= သီလစင်ကြယ်အောင် စောင့်ထိန်းရမယ်။
‘ ဒုတိယ- စိတ္တ၀ိသုဒ္ဓိ ’ = စိတ်စင်ကြယ်အောင် သမထဘာဝနာ ပွားများရမယ်။ သမထကမ္မဋ္ဌာန်း ၄၀ ရှိတဲ့အနက် မိမိနဲ့ ဆီလျော်မယ့် ကမ္မဋ္ဌာန်းကို ရွေးချယ်ပြီး စနစ်တကျပွားများရမယ်။ ဥပစာရသမာဓိ ရောက်ရင် နီဝရဏ အမည်ရတဲ့ ကိလေသာ အညစ်အကြေးတွေ စိတ်မှ စင်ကြယ်သွားကြတဲ့ အတွက် စိတ္တ၀ိသုဒ္ဓိဖြစ်ပြီး လို့ မှတ်ယူနိုင်ပါတယ်။ ဥပစာရသမာဓိရောက်နေတဲ့ အချိန်မှာ စိတ်ဟာ ဘာဝနာအာရုံမှာ တစ်နာရီနဲ့ အထက် ဆက်တိုက်တည်ငြိမ်နေနိုင်တယ်။ ပီတိ- ပဿဒ္ဓိ- သုခ-ဧကဂ္ဂတာ စတဲ့ စေတသိက် ကောင်းတွေက အားရှိလာကြတဲ့အတါက် အလွန်ငြိမ်းအေးချမ်းသာစွာ တရားရှုနေနိုင်တယ်။ ပြီးတော့ အလွန်စူးရှ ထက်မြက်တဲ့ ဘာဝနာ အလင်းရောင် ထွက်ပေါ်လာတယ်။ ဒီဘာဝနာ အလင်းရောင်နဲ့ မျက်စိ မှိတ်ထားလျက်က မိမိခန္ဓာကိုယ်က ဆံပင်၊ မွေးညင်း၊ အသည်း၊ အဆုတ်၊ နှလုံးစတဲ့ ကောဋ္ဌာသ တို့ကို ရှုမြင်နိုင်တယ်။ သူတစ်ပါး ခန္ဓာများက ကောဋ္ဌာသတို့ကိုလည်း ထိုးထွင်းပြိး ရှုမြင်နိုင်တယ်။ ဥပစာရသမာဓိမှ တစ်ဆင့် ညွှန်ပြပေးနိုင်တဲ့ ဆရာရှိရင် ပထမ ဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်သို့ အလွယ်တကူ အဆင့်ဆင့်တတ်သွားနိုင်ပါတယ်။ မော်လမြိုင်မြို့နဲ့ ကိုးမိုင်ဝေးတဲ့ ဖားအောက်တောရမှာ ဓါတ်ကမ္မဋ္ဌာန်းကို အခြေခံပြီး ညွှန်ကြားပြသပေးနေတာ ဉာဏ်ထက်မြတ်ကြတဲ့ ယောဂီများစွာက
၁၅ ရက်လောက်အတွင်းမှာ စတုတ္ထဈာန် အထိ အံ့ဩစဖွယ် အောင်မြင်ပေါက်မြောက်သွားကြပါတယ်။ ပထမဈာန်ကို ၀င်စားနိုင်တဲ့ သူဟာ ကာမဂုဏ်ချမ်းသာထက် သာလွန်တဲ့ ဈာန် ချမ်းသာကို ခံစားနေရပြီး။ သမာဓိစွမ်းရည်က ဥပစာရသမာဓိမှ စတုတ္ထဈာန်အထိ အဆင့်ဆင့်မြင့်တတ်သွားတာနဲ့ အညီ ဈာန်ချမ်းသာနဲ့ ဘာဝနာ အလင်းရောင် ရဲ့ စွမ်းအားတို့ကလည်း အဆင့်ဆင့်မြင့်တတ်သွားကြပါတယ်။ စတုတ္ထဈာန်သို့ ရောက်တဲ့အခါ အလွန်အံ့ဩဖွယ် ကောင်းတဲ့ ငြိမ်းအေးတဲ့ ချမ်းသာနဲ့ ထိုးထွင်ပြီးမြင်သိနိုင်တဲ့ စွမ်းရည်တို့ ဖြစ်ပေါ်လာတာကို ကိုယ်တိုင်ကြုံတွေ့လာပါလိမ့်မယ်။ ‘တတိယအဆင့်’ ကတော့ ဈာန်သမာဓိနဲ့ ဘာဝနာ အလင်းရောင်တို့ကို ဘာဝနာလက်နက် အဖြစ် အသုံးချကာ မိမိခန္ဓာထဲရှိတဲ့ ရုပ်တရား, နာမ်တရားတို့ရဲ့ ဖြစ်ပျက်နေပုံများကို ပရမတ် အခြေသို့ ဆိုက်တဲ့ အထိ ဉာဏ်မျက်စိနဲ့ ရှင်းရှင်း လင်းလင်း မြင်သိအောင် ရှုကြည့်ရပါတယ်။ ဒီလိုရှုပွားတာကို ၀ိပဿနာရှုပွားတယ်လို့ ဆိုချင်ပါတယ်။ မိမခန္ဓာထဲက ရုပ်တရား, နာမ်တရား တို့ရဲ့ ဖြစ်ပျက်နေပုံတို့ကို အသေးစိတ်ရှုမြင်ပြီးတဲ့အခါ သူတစ်ပါးတို့ရဲ့ ခန္ဓာထဲမှာ ရှိကြတဲ့ ရုပ်နာမ် တို့ကိုလည်း အလားတူရှုကြည့်ရပါတယ်။ ဒါတင်မကသေးဘူး၊ မိမိရဲ့ အတိတ်ဘ၀အဆက်ဆက်နဲ့ အနာဂါတ် ဘ၀အဆက်ဆက်တို့ကိုလည်း သိမြင်အောင် ရှုကြည့်ပြီး ဘ၀တစ်ခုက ရုပ်နာမ်အကြောင်းတရားများတို့ဟာ နောက်ဘ၀တစ်ခုရဲ့ ရုပ်နာမ်အကျိုးတရားများ အဖြစ်သို့ ပဋိစ္စသမုပ္ပါဒ်နည်းအရ ကြောင်းကျိုး ဆက်နွယ်သွားပုံကို ရှုကြည့်ရပါတယ်။ သမာဓိရှိတဲ့စိတ်ဟာ အလွန်ထက်မြက်ပါတယ်။ တတ်သိတဲ့ ဆရာသမားက စနစ်တကျ ညွှန်ပြပေးရင် သင့်ရဲ့ အတိတ်ဘ၊ အနာဂတ်ဘ၀များကို မြင်တွေ့တာဟာ သိပ္ပံနည်းကျု တိတိကျကျ မြင်တွေ့ရခြင်း ဖြစ်တာကို သင်ကိုယ်တိုင် ကျေကျေနပ်နပ် ဆင်ခြင်သုံးသပ် သိရှိနိုင်ပါတယ်။ ဖန်ဆင်းသူနဲ့ ဖန်းဆင်းခံရတဲ့ သတ္တ၀ါများမရှိ။ အတ္တခေါ်တဲ့ မသေမပျက်တဲ့ ၀ိညာဉ်ကောင် လိပ်ပြာကောင် ဆိုတာလဲ မရှိ။ ရုပ်တရား, နာမ်တရားတို့က အကြောင်း, အကျိုးဆက်စပ်ကာ ဖြစ်ပျက်နေခြင်းသည်ပင် သတ္တ၀ါတို့ရဲ့ဘ၀အမျိုးမျိုးဖြစ်ပျက်နေကြရတာကို သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်သိလာပါလိမ့်မယ်။ တစ်လောကလုံးမှာရှိကြတဲ့ ရုပ်တရား၊ နာမ်တရားတို့ဟာ အနိစ္စ, ဒုက္ခ, အနတ္တ , အသုဘ သဘောတွေပဲလို့ ရှင်းရှင်းလင်းလင်း ရှုမြင်လာတဲ့အခါမှာ မောဟမျက်နှာဖုံးကွာကျပြီး အရိယသစ္စာလေးပါးတို့ ပေါ်လွင်ထင်ရှားလာကြပါတော့တယ်။ အဲဒီအခါ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင် အတုမဲ့ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရပါတော့တယ်။ ပိဋကတ်ကျမ်းဂန်များနဲ့ ၀ိသုဒ္ဓိမဂ်တို့မှာလာရှိတဲ့ ဗုဒ္ဓနည်းကျ ၀ိပဿနာရှုနည်းအပြည့်အစုံကို လွယ်ကူလျင်မြန်ထိရောက်အောင် မြင်တဲ့နည်းဖြင့် ဖားအောက်တောရမှာ ညွှန်ပြပေးနေပါတယ်။ အဖိုးအနဂ္ဃထိုက်တဲ့ သာသနာတော်ရဲ့ အသီးအပွင့်များကို ကိုယ်တိုင် လှမ်းဆွတ်သုံးဆောင်လိုသူတို့ရဲ့ အကျိုးအတွက် ဖားအောက်တောရ စင်္ကြံကျောင်း ၀ိပဿနာစခန်းကို အမြဲမပြတ်ဖွင့်လှစ်ပေးထားပါတယ်။
ဝိပဿနာတရားရှုပွားခြင်းဟာ...
- သတ္တ၀ါတို့ရဲ့ စိတ်အညစ်အကြေး စင်ကြယ်ဖို့၊
- စိုးရိမ်ပူပန်ခြင်းနဲ့ ငိုကြွေးခြင်းတို့ကို လွန်မြောက်ဖို့၊
- ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းဖို့၊
- အရိယမဂ်ကို ရဖို့၊
- အတုမဲ့ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ၊
တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေတယ်။
( မဟာသတိပဋ္ဌာနသုတ်)
အမြင့်မြတ်ဆုံး အခွင့်အလမ်းကို လက်မလွတ်ပါစေနဲ့ ။
ဒေါက်တာမင်းတင်မွန် ၏ “ဘ၀ချမ်းသာရေး”

အပြည့်အစုံသို့...

Sunday, May 17, 2009

သမထဘာဝနာ စီးဖြန်းပါ

ဒါနကုသိုလ် သီလကုသိုလ်တို့ထက် အကျိုးအမြတ် ကြီးမားတာက ဘာဝနာကုသိုလ်ပါပဲ။ ဘာဝနာကုသိုလ်ကို ရယူဖို့အတွက် ငွေနဲ့ပစ္စည်းနဲ့ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘူး။ မအားလပ်နိုင်အောင် အလုပ်များနေလို့ အချိန်သီးသန့် မပေးနိုင်ရင်လည်း အရေးမကြီးဘူး။ အလုပ်လုပ်ရင်း၊ ကားစောင့်ရင်း၊ ကားစီးရင်း၊ အစာစားရင်း၊ အိမ်သာတက်ရင်း စတဲ့အချိန်တိုင်းမှာ နှလုံးသွင်းတတ်ရင် ဘာဝနာကုသိုလ်ရတာပဲ။ လူတွေအိပ်ယာကနိုးနေပြီး အသိစိတ်ရှိနေတဲ့အချိန်မှာ ကုသိုလ်စိတ်ဖြစ်ရင်ဖြစ်။ ကုသိုလ်စိတ်မဖြစ်ရင် အကုသိုလ်စိတ်ဖြစ်မှာပဲ၊ ယောနိသောမနသိကာရ ရှိရင် ကုသိုလ်စိတ်ဖြစ်မယ်၊ မရှိရင် အကုသိုလ်စိတ်ဖြစ်မယ်။ အကုသိုလ်စိတ်ဖြစ်ဖို့က သွန်သင်ပေးနေစရာ မလိုဘူး။ ကုသိုလ်စိတ်ဖြစ်ဖို့အတွက် သွန်သင်လေ့ကျင့်ပေးဖို့ လိုတယ်။ အကုသိုလ်စိတ်ဖြစ်ရင် လက်ငင်းစိတ်ဆင်းရဲရတယ်။ နောင်လည်း မကောင်းကျိုးတွေ ခံစားရတယ်။ ကုသိုလ်စိတ်ဖြစ်ရင် လက်ငင်းစိတ်ချမ်းသာရတယ်။ နောင်လည်း ကောင်းကျိုးတွေ ခံစားရမယ်။

နောင်လည်း ကောင်းကျိုးတွေ ခံစားရမယ်။ အကုသိုလ်စိတ်တွေဖြစ်တဲ့အခါ စိတ်မှာ ကိလေသာတွေ ယှဉ်စပ်နေတဲ့အတွက် ပူလောင်ဆင်းရဲရတယ်။ ကုသိုလ်စိတ်တွေဖြစ်ရင် ကိလေသာတွေ ကွာရှင်းပြီး ပီတိ- နှစ်သက်ဝမ်းမြောက်ခြင်း၊ ပဿဒ္ဓိ- ငြိမ်းအေးခြင်း၊ သုခ - ချမ်းသာခြင်း စတဲ့ ကောင်းတဲ့စေတသိက်တွေ ယှဉ် စပ်ကြတဲ့အတွက် စိတ်ငြိမ်းအေးချမ်းသာတယ်။ ဒါကြောင့် ချမ်းသာ အကျိုးရှိအောင် နေထိုင်နည်း ဆိုတာ ကုသိုလ်စိတ်တွေ အဆက်မပြတ်ဖြစ်အောင် နေထိုင်တဲ့နည်းပဲ ဖြစ်ပါတယ်။ ကုသိုလ်စိတ်တွေ အဆက်မပြတ်ပြုလုပ်တဲ့နည်းက ဘာဝနာ ပွားများတဲ့နည်းပဲ ဖြစ်ပါတယ်။ အများပွားများနေကြတဲ့ ဘာဝနာကတော့ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာတို့ ဖြစ်ကြပါတယ်။ “ ဗုဒ္ဓါနုဿတိ ” ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို အထပ်ထပ် အဖန်ဖန် အောက်မေ့ အမှတ်ရနေခြင်း ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အတုမရှိ မြင့်မြတ်တဲ့ ဂုဏ်တော်တစ်ပါးကို တစ်ချက်ကလေး နှလုံးသွင်းသတိရလိုက်တယ်ဆိုရင်ပဲ မဟာကုသိုလ်စိတ်တွေ အကြိမ်တစ်ကုဋေမက ဖြစ်ပျက်သွားကြတဲ့အတွက် လူချမ်းသာဘ၀ နတ်ချမ်းသာဘ၀တို့ကို ဘ၀ပေါင်းများစွာရအောင် အကျိုးပြုနိုင်တယ်။ ဒါကြောင့် အဖိုးမဖြတ်နိုငအောင် အကျိုးကျေးဇူးကြီးမားပါတယ်။
သမထဘာဝနာတို့မှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကို ပွားများကြပါ။ ဗုဒ္ဓနုဿတိ ကိုပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မယ် “ (သုဘူတိထေရအပဒါန် )
အရဟံ= မြတ်စွာဘုရားသည် တစ်ထောင့်ငါးရာကိလေသာတို့ ၀ါသနာဓလေ့ အထုံအငွေ့မျှ မငွေ့မသန်းအောင် ကင်းဝေစင်ကြယ်တော်မူတယ်။ ဒါကြောင့် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကာ လူနတ်ဗြဟ္မာ တို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။
သမ္မာသမ္ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသော တရားတို့ကို ဆရာ မကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူပါတယ်။
ဘဂ၀ါ= မြတ်စွာဘုရားဟာ ဣသရိယ, ဓမ္မ, ယဿ, သီရိ, ကာမပယတ္တ ဆိုတဲ့ အတုမရှိတဲ့ ဘုန်းတော်ခြောက်စုံနဲ့ ပြည့်စုံတော်မူပါပေတယ်။
မိမိနှစ်သက်ရာ ဂုဏ်တော်တစ်ပါးပါးကို နေ့နေ့ညဥ့်ညဥ့် သွားစဉ်အခါမှာရော၊ မတ်တပ်ရပ်စဉ် အခါမှာရော၊ ထိုင်နေစဉ်အခါမှာရော၊ လျောင်းနေစဉ်မှာရော အဆက်မပြတ်သတိရနေအောင် နှလုံးသွင်းပွားများပါ။ အလွန်ကြီးကျယ်တဲ့ ကုသိုလ်တို့ကို အဆက်မပြတ် ဆည်းပူးရရှိတဲ့အပြင် ထူးထူးခြားခြားဘေးရန်ကင်းပြီး လိုအင် ဆန္ဒတွေ ပြည့်ဝလာပါလိမ့်မယ်။ မေတ္တာဘာဝနာ ဆိုတာ လူတစ်ယောက်တည်းကိုဖြစ်စေ လူအများကြီးကို ဖြစ်စေ၊ သတ္တ၀ါအားလုံးကို ဖြစ်စေ အာရုံပြုပြီးတော့
(၁) ဘေးရန်ကင်းပါစေ၊
(၂) စိတ်ဆင်းရဲကင်းပါစေ၊
(၃) ကိုယ်ဆင်းရဲကင်းပါစေ၊
(၄) ကိုယ်စိတ်နှစ်ဖြားချမ်းသာလွယ်ကူစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ
လို့ အကြိမ်ကြိမ် အဖန်ဖန် နှလုံးသွင်း စီးဖြန်းနေခြင်း ဖြစ်ပါတယ်။ မေတ္တာဟာ အဖျက်ဆီးတတ်ဆုံးဖြစ်တဲ့ ဒေါသမီးတောက် မီးလျှံကို ငြိမ်းအေးစေနိုင်တဲ့ သီတာရေစင်ဖြစ်ပါတယ်။ မေတ္တာပွားပို့နေတဲ့အခါ ဒေါသငြိမ်းအေးနေတဲ့အတွက် အလွန်တရာ အေးမြတဲ့ ချမ်းသာကို ရရှိပါတယ်။ မေတ္တာဟာ လူအပေါင်းတို့ရဲ့ ချစ်ခင်ကြည်ညိုမှုကို ဆွတ်ခူးနိုင်ရုံတင်မကဘူး။ နတ်ဗြဟ္မာများနဲ့ တိရစ္ဆာန်များရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း ဆွတ်လှမ်းယူနိုင်ပါတယ်။ ‘ရန်ကို ရန်ချင်း မတုံ့နှင်း’ ဘဲ ရန်သူကို အကောင်းဆုံး အောင်နိုင်တဲ့နည်းက ထိုသူကို စူးစူးစိုက်စိုက် မေတ္တာပို့သပေးခြင်း ဖြစ်ပါတယ်။ ရန်သူက မိတ်ဆွေအသွင်သို့ ကူးပြောင်းပြီး မိမိရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်လာပါ လိမ့်မယ်။
ခန္တီမေတ္တာက မအောင်နိုင်တဲ့အရာဆိုတာ မရှိဘူး
သစ္စာက မစွမ်းဆောင်နိုင်တဲ့အရာ မရှိဘူး။
သီလက အလိုမဖြည့်နိုင်ပေးနိုင်တဲ့အရာလည်း မရှိဘူး။
မေတ္တာ,သစ္စာနဲ့ သီလ တို့က အချင်းချင်း အထောက်အကူပြုပြီး ဆက်သွယ်နေကြတဲ့ တရားတွေပဲ။ မေတ္တာရှင်ဟာ သစ္စာရှင်ဖြစ်လာနိုင်သလို မေတ္တာပိုင်ရှင်ဟာလည်း သီလဖြူစင်သူဖြစ်လာနိုင်ပါတယ်။ မေတ္တာဟာ လူနတ်သတ္တ၀ါတို့ရဲ့ ချစ်ခင်လေးစားမှုကို ရယူဖို့ အကောင်းဆုံးပီယဆေးဖြစ်သလို လောကမှာ အောင်မြင်ကြီးပွားရေး အတွက်လည်း အကောင်းဆုံးဆေးတစ်လက် ဖြစ်ပါတယ်။ မေတ္တာနဲ့နေထိုင်နည်းဟာ ချမ်းသာစွာနေထိုင်နည်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းသာယာ စိုပြည်ဝေဆာရေးအတွက် မေတ္တာတရားကို ပွားများအားထုတ်ကြပါ။ မိမိရဲ့ ဘ၀လှပရေးနဲ့ ငြိမ်းချမ်းသာယာရေးအတွက် မေတ္တာပန်း အလှရတနာကို နေ့စဉ်မပြတ် အခါမလပ် ဆင်မြန်းတော်မူကြပါ။
ဒေါက်တာမင်းတင်မွန်၏ “ဘ၀ချမ်းသာရေး ” စာအုပ်မှ

အပြည့်အစုံသို့...

Sunday, May 10, 2009

သီလစောင့်ထိန်းပါ


မကောင်းမှုဒုစရိုက် ပြုလုပ်တဲ့သူဟာ ဘေးကြီးလေးပါးနဲ့ ရင်ဆိုင်ရတယ်။
(၁) အတ္တာနုဝါဒဘေး။ ။ မိမိကိုယ်ကိုမိမိ ပြန်စွပ်စွဲတဲ့ဘေး။

“ မကောင်းမှုပြုလုပ်ဖို့ ဆိတ်ကွယ်ရာမရှိ ” ဆိုတဲ့အတိုင်း ကိုယ်မကောင်းမှုပြုတာကို အနည်းဆုံး ကိုယ်တစ်ယောက်တော့ သိနေတယ်။ ဒီအသိကပဲ “မင်းလူဆိုးပဲ၊ လူုယုတ်မာပဲ၊ သူခိုးပဲ၊ ဓားပြပဲ ” လို့ ပြန်စွပ်စွဲနေတယ်။ ဒီအသိကြောင့်ပဲ ကိုယ့်အိုးကိုယ်မလုံကာ ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် “ ငါဟာ ဒုစရိုက်ကောင် လူယုတ်မာစာရင်းထဲ ပါနေ ပါလား ” လို့ သိမ်ငယ်ကာ စိတ်ဆင်းရဲရတယ်။

(၂) ပရာနုဝါဒဘေး။ ။ သူတစ်ပါးတို့က မိမိကိုစွပ်စွဲတဲ့ဘေး။
“ ဟုတ်ရင်ကျော်မယ်၊ ပုပ်ရင်ပေါ်မယ် ” ၊ “ ဆင်သေကို ဆိတ်ရေနဲ့ဖုံးလို့မရ ” ဆိုတဲ့ စကားတွေလို ကိုယ်မကောင်းမှုပြုနေတာကို ပတ်ဝန်းကျင်ကလူတွေ အနှေးနဲ့အမြန် သိလာကြမှာပဲ။ အဲဒီအခါ မိမိကို ၀ိုင်းပြီး ကဲ့ရဲ့ အပြစ်တင်ရှုတ်ချကြမယ်။ ဒါလည်း စိတ်ဆင်းရဲစရာကောင်းပါတယ်။
(၃) ဒဏ္ဍဘေး။ ။ မင်းပြစ်မင်းဒဏ်ခံရတဲ့ဘေး။
“ ရာဇ၀တ်ဘေး ပြေးမလွတ် ” ဆိုတဲ့အတိုင်း ခိုးဆိုးလုယက် ဓါးပြတိုက်မှု၊ မုဒိမ်းမှုကျူးလွန်ထားကြတဲ့ လူတွေဟာ မင်းဘေးမသင့်အောင် အမြဲပုန်းရှောင် ပြေးလွှားနေကြရတယ်။ နေ့စဉ်ရက်ဆက် ကျီးလန့်စာစကားသလို စိုးရိမ်ပူပန်နေကြရတယ်။ နောက်ဆုံးမှာ စုံထောက်ရဲသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အချုပ်ဒဏ် ထောင်ဒဏ် သေဒဏ် စသည်ကို ကျခံရလို့ အရှင်လတ်လတ် လောကငရဲထဲ ရောက်ရတော့တယ်။
(၄) ဒုဂ္ဂတိဘေး။ ။ အပါယ်ငရဲသို့ ကျရောက်ရတဲ့ဘေး။
ဒုစရိုက်မှု ရာဇ၀တ်မှု ကျူးလွန်ထားကြတဲ့ လူတွေဟာ ဒီဘ၀မှာ ဟန်ဆောင်ကောင်းလို့ အကြံအဖန်ကောင်းလို့ အခြားဘေးတွေ လွတ်ချင်လွတ်မယ်။ သေလွန်တဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးမှုဖြစ်တဲ့ ဒုဂ္ဂတိဘေးကိုတော့ မလွတ်နိုင်ဘူး။ အပါယ်ငရဲသို့ ကျရောက်ရခြင်းဟာ ကြိုးမိန့်ချခံရတာထက် အဆပေါင်းများစွာ ပိုဆိုးရွားပါတယ်။ ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ရဲ့ ဘ၀ဟာ နှစ်ရှည်လများ အလွန်ဆင်းရဲလှပါတယ်။ ဒါကြောင့် မကောင်းမှုဒုစရိုက်ကို ပြုကျင့်ထားကြတဲ့သူတွေဟာ ကြိုးမိန့်ဒဏ်အချခံထားရတဲ့ အကျဉ်းသားလို ဘယ်လိုမှ ချမ်းသာပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး၊ အထက်က ဘေးကြီးလေးပါးက သူ့ကို အမြဲခြိမ်းခြောက်နေပေလိမ့်မယ်။ ယခုဘ၀မှာလည်း ခင်ပွန်း, ဇနီး, သားသမီး, ဥစ္စာ ရွှေငွေတို့နဲ့ ချမ်းသာပျော်ရွှင်စွာ နေလိုတယ်။ တမလွန်ဘ၀ အဆက်ဆက်မှာလည်း ချမ်းချမ်းသာသာနေထိုင်သွားလိုတယ် ဆိုရင် မကောင်းမှုဒုစရိုက်များကို မကျူးလွန်မိအောင် ထိန်းသိမ်းစောင့်ရှောက်ရပေမယ် ။ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းက ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ ကုသိုလ်အပေါင်းမှာ သီလကုသိုလ်ဟာ အမြတ်ဆုံး၊ သုဂတိဘုံသို့ တတ်လှမ်းဖို့အတွက် သီလနဲ့တူတဲ့ စောင့်တန်းလှေကား ဆိုတာ မရှိဘူး။ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ၀င်ရောက်ဖို့အတွက်လည်း သီလနဲ့ တူတဲ့ တံခါးပေါက်ဆိုတာမရှိဘူး။ သတ္တ၀ါတို့ရဲ့ ပူပန်မှုကို ရေ၊ လေ၊ စန္ဒကူး၊ လရောင်၊ ပန်းစံပယ် စတဲ့ အအေးဓါတ်တို့နဲ့ မအေးမြစေနိုင်ဘူး။ သီလ အအေးဓါတ်နဲ့ထုံမွှမ်းပေးမှသာ အေးမြနိုင်ပါတယ်။ ဒါကြောင့် ဘ၀မချမ်းသာကို အလိုရှိတဲ့ လူတွေဟာ သူတော်ကောင်းတို့ မြတ်နိုးကြတဲ့ ဘ၀အဆင့်အတန်းကို မြင့်မားစေတဲ့ တစ်ပြားတစ်ချပ်မှလည်း ငွေကုန်ကြေးကျမရှိတဲ့ အလှဆုံးအဆင်တန်ဆာလည်း ဖြစ်တဲ့ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။

အပြည့်အစုံသို့...

Thursday, May 7, 2009

ပေးကမ်းစွန့်ကြဲပါ

ပုထုဇဉ်တိုင်း လက်ဆောင် လိုချင်တယ်၊ လက်ဆောင်ရရင် ၀မ်းသာတယ်။ သူတစ်ပါး ပျော်ရွှင်ဝမ်းသာရအောင် ကိုယ်က လက်ဆောင်ပေးနိုင်ရင် ပိုပြီး ၀မ်းသာစရာမကောင်းဘူးလား၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး လိုအပ်နေတဲ့သူတွေကို ကူညီ ပေးကမ်းရရင် ပိုပြီး ၀မ်းမြောက်စရာ မကောင်းဘူးလား။လက်ခံသူဖြစ်ရတာထက် ပေးကမ်းသူ ဖြစ်ရတာ ပိုမြင့်မြတ်တယ်လို့ ထင်မြင်ဖူးပါသလား၊ ပေးကမ်းကူညီတတ်သူကို လူတိုင်းက ချစ်ခင်ကြတယ်။တံစိုးလက်ဆောင် ပေးကမ်းခြင်းကလည်း ကိစ္စအလုံးစုံကို ချောမော ပြေပြစ် စေတတ်ပါတယ်။ “ ပေးကမ်းစွန့်ကြဲခြင်း ” ဟာ တံစိုးလက်ဆောင် ပေးတာမျိုးမဟုတ်ဘူး။ အတုံ့အပြန် ကျေးဇူးပြန်ရတာမျိုးကို မမျှော်ကိုးဘဲ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းစွန့်ကြဲ တဲ့ အလှူဒါနမျိုးကို ဆိုလိုပါတယ်။

မိမိရဲ့ ပစ္စည်းဥစ္စာကို တပ်မက်တွယ်တာနေတဲ့ သဘောက လောဘ၊မစွန့်လွှတ်နိုင်အောင် စေးနှဲ့တွန့်တိုနေတဲ့သဘောက မစ္ဆရိယ၊ ပစ္စည်းဥစ္စာကို မတပ်မက် မတွယ်တာ မနှမြော မတွန့်တိုဘဲ လွတ်လွတ် စွန်ကြဲနိုင်တဲ့သဘောကအလောဘ၊ ဒါကြောင့် အလောဘစိတ်နဲ့ ပေးကမ်းလှူဒါန်းခြင်းဟာ လောဘနဲ့ မစ္ဆရိယတို့ကို ခေတ္တတွန်းလှန်ဖြိုဖျက်နိုင်လိုက်တဲ့ သဘောဖြစ်ပေတယ်။ ဒါနပြုခြင်းဟာ မြင့်မြတ်တယ်။ သူတော်ကောင်းတို့ရဲ့ လမ်းရိုးကျင့်စဉ်ဖြစ်တယ်။ အလောဘနဲ့ ယှဉ်တဲ့ ကုသိုလ်စိတ်ဟာလည်း လက်ငင်းချမ်းသာကို ပေးဆောင်တဲ့အပြင် တမလွန်ချမ်းသာကိုလည်း အကြီးအကျယ်ပေးဆောင် တတ်ပါတယ်။ ဒါနရဲ့ အကျိုးဟာ ညောင်စေ့လောက်လှူရင် ညောင်ပင်ထက်မက အကျိုးကျေးဇူးရပါတယ်။ ဒီဘ၀မှာရော သံသရာ တစ်လျှောက်လုံးမှာရေ ပဒေသာပင်ပမာ ကြီးကျယ်တဲ့ အကျိုးကျေးဇူးကို ပေးဆောင်တတ်လို့
ဒါနဟာ သံသရာ ဥစ္စာထုပ်ကြီးနဲ့ တူပါတယ်။ ဒါတင်မကသေးဘူး။ ဒါနဟာ နတ်ပြည် သို့တက်နိုင်ဖို့ စောင်းတန်းလှေကားနဲ့လည်း တူတယ်။ နိဗ္ဗာန်သို့ ဖြောင့်ဖြောင့်တန်းတန်း ပို့ဆောင်တတ်တဲ့ ခရီးလမ်းမှန်လည်း ဖြစ်ပေတယ်။
ရဟန်းတို့ ... ပေးကမ်းစွန့်ကြဲခြင်း စေတနာရဲ့အကျိုးကို ငါဘုရားသိသလို သတ္တ၀ါများသိကြမယ်ဆိုရင် ကိုယ်စားမည့် ၀တ္ထုထဲက သူတစ်ပါးကို မပေးကမ်းဘဲ ဘာကိုမျှ စားနိုင်ကြမယ် မဟုတ်ဘူး၊ ကိုယ့်ပစ္စည်းကို မပေးကမ်းရက်တဲ့ မစ္ဆရိယစိတ်ဟာလည်း သတ္တ၀ါ တွေကို နှိပ်စက်နိုင်မှာ မဟုတ်ဘူး ” (ဣတိဝုတ်ဒါနသုတ် )
ဒါကြောင့် ပေးကမ်းစွန့်ကြဲခြင်းဟာ ပစ္စည်းဥစ္စာကို အလဟဿ စွန့်ပစ်လိုက်တာမဟုတ်ဘူး။ တစ်ရာ တစ်ထောင် တစ်သိန်းမက အတိုးအညွန့်ပေးနိုင်တဲ့ အကောင်းဆုံး ဘဏ်တိုက်မှာ အပ်နှံထားရတာနဲ့တူတယ်။ ဒီဘဏ်တိုက်ကနေပြီး ဘ၀ဆက်ဆက် လိုအပ်တဲ့အခါတိုင်း စိတ်ပူအပန်မရှိဘဲ ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်လို့ အလွန်စိတ်ချမ်းသာရာရပါတယ်။
ဒေါက်တာမင်းတင်မွန်၏ “ ဘ၀ချမ်သာရေး” စာအုပ်မှ

ကျွန်တော်ကတော့ ဒီလိုလေးတွေးကြည့်လိုက်တယ် , ကျွန်တော့်အမြင်ပေါ့နော်.. ဒီလိုပါဗျာ လူတစ်ယောက်က တိရစ္ဆာန် တစ်ကောင်ကို ပေးကမ်းပြိး စွန့်ကျွေးလိုက်တယ်ဗျာ တိရစ္ဆာန်ကတော့ ထားပါတော့ သူ့အနေနဲ့ လူလောက်အသိဉာဏ်မရှိတဲ့ အတွက် လူစွန့်ပြစ် ပေးကမ်းတာကို စားလိုက်ရတာ , ယူလိုက်ရတာက သိပ်ပြီးတော့ သိပ်ငယ်စရာမရှိဘူး, ပြီးတော့ စွန့်ကျဲပြီးချကျွေးလိုက်တဲ့ လူမှာလဲ ဘာမှ ဂုဏ်မြောက်စရာမရှိဘူးလို ယူဆလိုက်ကြမယ်ဗျာ.., ဒီအတွက်အဲဒီလူ မှာ နှမြောတွန့်တိုသွားတာ မရှိဘူး, ဘာလိုလဲဆိုတော့ သူတိရစ္ဆာန်တစ်ကောင်ကို ချကျွေးလိုက်တာဆိုတော့ သူ့အနေနဲက ပြန်ရဖို့ မျှော်လင့်ချက်မရှိတာလဲပါတယ်, အဲဒီတိရစ္ဆာန်မှာ ဘာဂုဏ်ဓနမှ မရှိတဲ အတွက် အများမြင်မှာ သူချကျွေးလိုက်တာကို အထင်မကြီးကြဘူး။ သူ့အနေနဲ့ ရလိုမှု နှမြောတွန့်တိုမှု ကင်းတယ်၊ လွတ်လွတ်စွန့်ကြဲလိုက်တယ် အဲဒီ ဒါနက ဘယ်အထိအောင် ရောက်သွားလဲဆိုရင် စာဂ အဆင့်ကိုရောက်သွားတယ် ပြန်လည်မျှော်လင့်ခြင်း ကင်းတဲ့အတွက် အဲဒါ ပါရမီမြောက်သွားတယ်လို့လဲ ဆိုလို့ရတယ်။ နောက်တခု ပြောအုံးမယ် ဒီတစ်ခါ လူတစ်ယောက်က လူတစ်ယောက်ကို ပေးကမ်းတယ် ဝေမျှ လိုက်တယ်ဆိုပါဆို.. ပေးလှူတဲ့သူနဲ့ ပေးလှူခံရတဲ့ သူ သင် ဘယ်သူဖြစ်ချင်သလဲ... ပုထုဇဉ်တွေ အများစုကတော့ ပေးခံရတဲ့သူတွေပဲဖြစ်ချင်ကြပါတယ်။ ဘာလို့လဲ ရယူလိုက်ရတာက ၀မ်းသာရတယ် ပျော်ရွှင်ရတယ်လို့ ဆိုတဲ့ အသိ မှားကြီး ဖြစ်နေကြတယ်လေ။ ပေးခံရတဲ့သူ လက်ခံရတဲ့သူ ၀မ်းသာပျော်ရွှင်မှာတော့ ဟုတ်ပါတယ်, လူလူချင်းဖြစ်တဲ့ အတွက် သူမှာ သိပ်ငယ်စရာတွေနဲ့ ပျော်နေရတယ်ဆိုတာရော လူကြီးမင်းတို့ သိကြပါသလား?? ဒါကြောင့် လက်ဆောင်လိုချင်တာ, ရလိုချင်မှုလောဘ တွေဟာ ရလိုက်တာမဟုတ်ဘူး... တနည်းအားဖြင့်ပြောလိုက်ရရင် ခဏတာပေးသုံးတာပဲဖြစ်တယ်။ ခင်ဗျားကို ခဏပေးသုံးပြီး သူ့ကို ပြန်ပေးရမယ်ဆိုရင် လိုချင်သလား??? ဘယ်လိုချင်မလဲ ၊ ပြန်ပေးရမှာပဲလေ၊ ဒါကြောင့်ပြောချင်တယ် ယူချင်လား ၊ ရချင်လား၊ ပေးလိုက်တယ်ဆိုတာ တကယ်တော့ ယူလိုက်တာပါ ရလိုက်တာပါ ၊ သူကိုပေးသိမ်းခိုင်းလိုက်သလိုပါပဲ။ ဒါပေမယ့် မပေးတတ်ရင်လဲ မယူတတ်ပဲ ရနေတတ်တယ်။ ဒါကဘာကိုပြောသလဲဆိုရင် မပေးတတ်ရင်ဆိုတာက မိမိက ပစ္စည်းဥစ္စာကို မရှိဆင်းရဲသားတစ်ယောက်ကို ပေးလိုက်တယ်ဆိုပါဆို့ လှူလိုက်တယ်ပေါ့၊ လူတွေအမြင်တော့ ဒီလူပေးလိုက်တယ်ပေါ့ မြင့်မြတ်တဲ့အလုပ်ပဲပေါ့ အထင်ကြီးနေကြမှာပဲလေ၊ ဒီနေရာမှာ လှူသူရဲ့စိတ်ထားက ငါ့ကိုလူအထင်ကြီးအောင်ငါလှူလိုက်ပြီ ၊ ငါ့ကို အထင်တွေကြီးကြစမ်း၊ ဒီငါလှူလိုက်တဲ့လူငါ့ကို ပြန်ပြိး ကျေးဇူးပြုစမ်း ဆိုတဲ့ မျှော်ကိုးတဲ့စိတ်၊ ‘ အကျိုးလို လို့ ညောင်ရေလောင်း ’တဲ့အဖြစ်မျိုး ဖြစ်နေမယ်ဆိုရင် ၊ မပေးတတ်ပဲ ရလိုက်တဲ့ အကုသိုလ်တွေပါပဲ။ ဒါကြောင့် ပေးတဲ့အခါပေးတတ်အောင် ပေးလိုက်ပါ၊ လှူလိုက်ပါ။ ကြီးမားတဲ့အလှူဒါန်းပွဲကြီးမဟုတ်လို့ ငါ့အလှူု အရာမရောက်ဘူးလို့လဲ မထင်ပါနဲ့ ၊ အလှူဒါန်းကြီးကြီးကျယ်ခန်းနားစွာလုပ်လိုက်လို့လဲ လှူဒါန်းမှုကမြင့်မြတ်တယ်လို့လဲ ဂုဏ်မမောက်နဲ့, ငွေကုန်လူပန်း အရူးချီးပန်း ဖြစ်သလို မလှူဒါန်းမိပါစေနဲ့ ငွေတွေ အများကြီး အကုန်ခံပြီးတော့ စိတ်ထားမတတ်တဲ့အတွက် လူပင်ပန်းပြီး အကျိုးနည်းသလိုပါပဲ။ စိတ်မထားတဲ့အလှူကို လှူနေတာက အရူးတစ်ယောက်လိုပါပဲ တစ်နပ်စားအကြံဖြစ်ပြီး အဲဒီအထဲက စိတ်ထား ပြန်လည်မျှော်ကိုးမှု လောဘတွေနဲ့လှူလိုက်တဲ့ အတွက် အရူးတစ်ယောက် ချီးပန်းထွက်သလိုပဲ အလွန်စက်စုပ်ရွံ့ရှာစရာ ဖြစ်နေပါမယ့်။ မသိတဲ့မသူတော်တွေက မိမိအလှူကို ၀ိုင်းဝန်းချီးမြောက်ပေမယ့် ပညာရှိသူတော်ကောင်း ကဲ့ရဲ့ရှုတ်ချ တာကပိုဆိုးပါတယ်။ ဒါကြောင့် ပညာဆိုတဲ့ အသိတရားလေးနဲ့လှူတတ်ပါစေ.., ဒါကြောင့် ပြောချင်တာက သူတစ်ပါးကို ပျော်ရွှင်ဝမ်းသာ သွားအောင် ပေးလိုက်တဲ့သူက ပိုပြီး ၀မ်းမြောက်စရာ ဂုဏ်ရှိစရာဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့် လှူလဲလှူတတ်ပြီး ယူလဲယူတတ်သော သံသရာလည်စေတဲ့ အလှူမျိုးမဟုတ်ပဲ သံသရာလွတ်မြောက်စေနိုင်တဲ့ အလှူ ဖြစ်အောင် ပေးကမ်းစွန့်ကြဲနိုင်ကြပါစေလို့ အကြံပြုရင်း-

အပြည့်အစုံသို့...

Thursday, April 30, 2009

မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ)

မိမိကို စံနမူနာပြု၍ သူတစ်ပါးတို့အား ကိုယ်ချင်းစာတရားနှင့် ထောက်ထားစာနာမှုထားရှိနိုင်ရေးအတွက် မိမိကိုစ၍ အောက်ပါ အတိုင်း မေတ္တာပွားများရသည်။
(၁) အဟံ အဝေရော ဟောမိ
(၂) အဗျာပဇ္ဇော ဟောမိ
(၃) အနီဃော ဟောမိ
(၄) သုခိအတ္တာနံ ပရိဟရောမိ
အနက်မြန်မာပြန်အနေနဲ့ ဤသို့ရှိ၏-
(၁) ငါသည် ဘေးရန်ကင်းပါစေ
(၂) စိတ်ဆင်းရဲကင်းပါစေ
(၃) ကိုယ်ဆင်းရဲကင်းပါစေ
(၄) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ။


ဤအပိုင်း၌ကား ကိုယ်ချင်းစာတရားအားကောင်းလာရေး၊ စိတ်ထားပျော့ပျောင်းလာရေးတို့အတွက် ရည်ရွယ်ကာ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာကို ပွားများခြင်း ဖြစ်၏။ မေတ္တာဈာန်ကိုကား မရနိုင်ပါ။ ထို့နောက် ဘာဝနာရှုသူသည် မိမိနှင့် လိင်တူသော ဆရာ သို့မဟုတ် ဥပဇ္ဈာယ်ဆရာ သို့မဟုတ် ချစ်ခင်မြတ်နိုးသောသူကို မေတ္တာပွားပို့ရမည်။ ထိုပုဂ္ဂိုလ်အပေါ် ချစ်ခင်ကြည်ညိုမှုထက်သန် ဖွံ့ဖြိုးလာ ရေးအတွက် သူ၏ ရက်ရော ဖော်ရွေမှု၊ ချစ်နှစ်သက်ဖွယ်သော စကားများ စသည်ကို ဆင်ခြင် အောက်မေ့ပါ။ ထိုသူအား ရိုသေကြည်ညိုသည့် စိတ်ထားထက်သန်လာရေးအတွက် ထိုသူ၏ သီလ၊ သမာဓိ၊ ပညာ တို့ကိုလည်း အောက်မေ့ဆင်ခြင်ပါ-
အယံသပ္ပုရိသော
(၁) အဝေေ၇ာဟောတု၊
(၂) အဗျာပဇ္ဇောဟောတု၊
(၃) အနိဃော ဟောတု၊
(၄) သုခီ အတ္တာနံ ပရိဟရတု။
အနက်မြန်မာအပြန်အရ-
ဤသူတော်ကောင်းသည်
(၁) ဘေးရန်ကင်းပါစေ၊
(၂) စိတ်ဆင်းရဲကင်းပါစေ၊
(၃) ကိုယ်ဆင်းရဲကင်းပါစေ၊
(၄) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
ဘာဝနာရှုပွားသူသည် အာနာပါနဿတိရှုပွားသဖြင့် ရှုပါဝစရ စတုတ္ထဈာန်ရပြီးဖြစ်လျှင် အာနာပါနပဋိဘာဂနိမိတ် အာရုံကို စူးစိုက် ရှုပွားခြင်းဖြင့် အာနာပါနစတုတ္ထဈာန်ကို ဦးစွာ ထူထောင်ပါ။ ထိုစတုတ္ထဈန်သမာဓိ အထောက်အကူဖြင့် အလင်းရောင် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလာသည့်အခါ မိမိအလွန်ချစ်ခင် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို လှမ်းအာရုံယူပါ။ ထိုပုဂ္ဂိုလ်ကို တောက်ပသည့် အလင်းရောင်အတွင်း၌ ထင်ထင်ရှားရှား မြင်တွေ့နေရမည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် မိမိရှေ့ခြောက်ပေအကွာတွင် စိတ်အချမ်းသာဆုံးအနေအထား၌ ရှိသည်ဟု အာရုံယူပါ။ ထိုသူတော်ကောင်းအား အာရုံစူးစိုက်၍ စောစောကနည်းအတိုင်း နည်းလေးမျိုးဖြင့် မေတ္တာပွားပါ။ အာနာပါနစတုတ္ထဈာန်သမာဓိ၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိကြောင့် ယောဂီ၏ မေတ္တာဘာဝနာသည် ချောမော လွယ်ကူနေမည်ဖြစ်၏။ မေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက် ပွားကြည့်ပြီးနောက် ယောဂီသည် နှစ်သက်ရာတစ်မျိုးကို ရွေးချယ်နိုင်၏။ ဥပမာ- “ စိတ်ဆင်းရဲကင်းပါစေ ” ဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။ ထိုအခါ ထိုပုဂ္ဂိုလ်၏ အပျော်ရွှင်ဆုံးအသွင်ကို အာရုံယူ၍ “ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ ” ဟု ထပ်တလဲလဲ မေတ္တာပွားပါ။ ဘာဝနာရှုသူ၏ စိတ်သည် ထိုသူတော်ကောင်း၏ စိတ်ချမ်းသာရွှင်ပျသောပုံသဏ္ဌာန်၌ အလွန်ငြိမ်ဝပ်တည်ကြည်စွာ ကပ်တည်လာပါက ဘာဝနာရှုနေသူ၏ မနောအကြည်တွင် ဈာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ သူ၏ ဉာဏ်မျက်စိတွင် ဈာန်အင်္ဂါငါးပါးစလုံးကို ဆင်ခြင်ကြည့်ပါ။ သူ၏ ဉာဏ်မျက်စိတွင် ဈာန်အင်္ဂါများကို ထင်ရှားစွာ မြင်ရသော် မေတ္တာဘာဝနာ၌ ပထမဈာန်သို့ ရောက်ပြီးဟု ယူဆနိုင်၏။ ဤဈာန်ကို ၀သီဘော်ငါးတန်နိုင်နင်းအောင် လေ့ကျင့်ပြီးသော် အာနာပါနဿတိတွင် ဖော်ပြခဲ့သည့်အတိုင်း မေတ္တာဘာဝနာ၌လည်း ဒုတိယဈာန်၊ တတိယဈာန်တို့ကို ပျိုးထောင်ပါ။ ၀ိသုဒ္ဓိမဂ္ဂ နှင့် မဟာဋီကာ တို့၌ ညွှန်ကြားထားသည့် အတိုင်း ပုဂ္ဂိုလ်တစ်ဦးစီကို တတိယဈာန်ရောက်သည်အထိ မေတ္တာပွားပို့ရမည်။ မေတ္တာပွား ပို့နည်းလေးမျိုးစလုံးတွင် တစ်နည်းပြီးတစ်နည်း တတိယဈာန်သို့ ရောက်အောင် ပွားများရမည်။ ဘာဝနာရှာသူသည် ဖော်ပြခဲ့သည့်အတိုင်း မေတ္တာပွားများရာ၌ အောင်မြင်မှု ရခဲ့သော် ချစ်ခင်လေးစားအပ်သည့် အသက်ရှင်ဆဲ လိင်တူပုဂ္ဂိုလ်တို့၌ အလားတူပင်တစ်ယောက်ပြီး တစ်ယောက် မေတ္တာပွားပါ။ အနည်းဆုံး ပုဂ္ဂိုလ် (၁၀) ယောက်ကို အောင်အောင်မြင်မြင် မေတ္တာပွားများပါ။ ထို့နောက် မိဘ, ညီအစ်ကို, မောင်နှမ, ဆွေမျိုးများနှင့် သူငယ်ချင်းများအပါအ၀င် မိမိအလွန်ချစ်မြတ်နိုးသည့် အသက်ရှင်ဆဲ လိင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာဈာန်များကို တတိယဈာန်ရောက်သည့်တိုင်အေင် ပွားများပါ။ မေတ္တာပွားနည်းလေးမျိုးစလုံးဖြင့် ပွားများပါ။ လေးစားချစ်ခင်အပ်သော ပုဂ္ဂိုလ် (ပိယဂရုဘာဝနီယပုဂ္ဂိုလ်) များနှင့် အလွန်ချစ်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ် (အတိပ္ပိယပုဂ္ဂိုလ်) များ နှစ်မျိုးလုံး၌ မေတ္တာချင်းညီမျှအောင် ချစ်မြတ်နိုးသည့် ပုဂ္ဂိုလ် (ပိယပုဂ္ဂိုလ်) အရာ၌ တည်အောင် ပွားများပါ။ ထို့နောက် “ မဇ္ဈတ္တ ” ခေါ် မချစ်မမုန်း အလယ်လတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး အသက်ရှင်ဆဲလိင်တူပုဂ္ဂိုလ် ၁၀ ယောက်ကို ဖော်ပြခဲ့ပြီးသည့်နည်းအတိုင်း တတိယဈာန်သို့ ရောက်အောင် မေတ္တာပွားပါ။ ထို့နောက်တစ်ဖန် “ ဝေရီ ” ခေါ် ရန်သူပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့် ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ရန်သူကို မေတ္တာမပွားပို့မီ ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်များ၊ ချစ်ခင်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ်များနှင့် မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်များကို ဦးစွာ မေတ္တာပွားများပါ။ မိမိ၏ ဘာဝနာစိတ် နူးညံ့, သိမ်မွေ, ခံ့ညားလာ၍ ဘာဝနာ အလင်းရောင်သည်လည်း အလွန် စူးရှတောက်ပလာသောအခါ အလင်းရောင်တွင် ရန်သူကို အာရုံယူလျက် မေတ္တာပွားပို့ပါ။ ရန်သူကို မေတ္တာပွားများရာ၌ ထိုရန်သူကို မုန်းတီးမှုကြောင့်ဈာန်သို့ မရောက်ခဲ့သော် ၀ိသုဒ္ဓိမဂ် တွင် ဖော်ပြထားသည့်အတိုင်း မုန်းတီးမှု ပပျောက်အောင် နည်း (၁၀) မျိုးဖြင့် ဆင်ခြင်ရမည်။ ရန်သူများအားလုံးကို တစ်ယောက်ပြီးတစ်ယောက် မေတ္တာပွားနည်း တစ်မျိုးစီတွင် တတိယဈာန်သို့ရောက်အောင် ပွားများရမည်။ အောက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့အား မေတ္တာအညီအမျှ ပွားများနိုင်လာသောအခါ
(၁) အတ္တ-မိမိ၊
(၂) ပီယ-ချစ်ခင်လေးစားသူနှင့် အလွန်ချစ်မြတ်နိုးသူ၊
(၃) မဇ္ဈတ္တ- မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
(၄) ဝေရီ-ရန်သူပုဂ္ဂိုလ်
ဤပုဂ္ဂိုလ်လေးမျိုးတို့၌ သီမာသမ္ဘေဒ ခေါ် ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်အောင် မေတ္တာဈာန်ကို ကြိမ်ဖန်များစွာ ၀င်စားပါ။ အတ္တကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားသော်လည်း မေတ္တာဈာန်ကို မရနိုင်။ သို့သော် ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲနိုင်ရေး အတွက်သာ ဤအရာ၌ မေတ္တာဘာဝနာကို ပွားများခြင်း ဖြစ်၏။ ပိယ, မဇ္ဈတ္တ, ဝေရီ ဟူသည့် လိင်တူပုဂ္ဂိုလ်တို့ကို မေတ္တာဘာဝနာ ပွားရာ၌ကား တတိယဈာန်သို့ ဆိုက်သည့်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာချင်း ညီမျှသွားခဲ့သော “ သီမာသမ္ဘေဒ ” ခေါ် ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီး ဖြစ်၏။ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြားခြင်း မပြုတော့ဘဲ ပုဂ္ဂိုလ်အားလုံးတို့အပေါ်၌ မေတ္တာ ညီမျှစွာ ထားရှိနိုင်ပြီး ဖြစ်၏။ ၀ိသုဒ္ဓိမဂ် ၏ အဆိုအမိန့်အရ ပုဂ္ဂိုလ်လေးမျိုးတို့အား မေတ္တာပွားများရာ၌ ဈာန်ရောက်သည်အထိ ရှုပွားနိုင်သော ပုဂ္ဂိုလ်၏ စိတ်သန္တာန်၌သာလျှင် “ သီမာသမ္ဘေဒ ” ကို ရရှိနိုင်၏ ။ တစ်ဖန် ဈာန်ရောက်သည်အထိ မေတ္တာပွားများနိုင်ပြီး သီမာသမ္ဘေဒ ရရှိပြီးသော သူ၏ စိတ်သန္တာန်၌သာလျှင် ၅၂၈ သွယ်သော မေတ္တာတို့ကို အပြည့်အ၀ အောင်မြင်စွာ ပွားများနိုင်မည်ဖြစ်သည်။ ယခုအခါ ဘာဝနာ ရှုပွားသူသည် ပဋိသမ္ဘိဒါမဂ် ၌ ဖော်ပြထားသည့်အတိုင်း ၅၂၈ သွယ်သော မေတ္တာကို အောင်မြင်စွာ ပွားများနိုင်ပြီးလျှင် မည်သည့်အရပ် မျက်နှာ၌မဆို မေတ္တာဖြန့်ကြက်၍ မေတ္တာဈာန်ချမ်းသာဖြင့် နေနိုင်ပြီးဖြစ်၏ ။

အပြည့်အစုံသို့...

Saturday, April 25, 2009

ကာမေသုအကြောင်း တစေ့တစောင်း (တည်းတောဆရာတော်)

အဂမနီယ၀တ္ထု


ကိုထင်မြင်ကျော် နှင့် ထီးချိုင့်မြို့- တည်းတောဆရာတော်ကြီး တို့ အမေးအဖြေမှ
“ဟောဒီစာက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့၊ ရွှေဂူရပ်၊ တောင်သူ ကိုတင်မြင့်ကျော် မေးလျှောက်တဲ့စာပါ ဘုရား”
“ ဆိုစမ်းပါဦး၊ ကိုတင်မြင့်ကျော်က ဘာတွေများ မေးထားတာတုန်းကွယ့်”
“ ကိုတင်မြင့်ကျော် မေးတာက မဃဒေ၀ လင်္ကာသစ် အပိုဒ် ၂၃၂-ကို သူ အလွန်နှစ်သက်တဲ့အတွက် အရကျက်ထားပါသတဲ့၊ ဒါပေမယ့် အနက်အဓိပ္ပါယ်ကို ကောင်းကောင်းမသိပါဘူးတဲ့၊ ဒါကြောင့် မဃဒေ၀ လင်္ကာသစ် ၂၃၂- ရဲ့ အဓိပ္ပါယ်ကို ခပ်တိုတို အမိန့်ရှိစေချင်ပါသတဲ့ ဘုရား ”
“ မဃဒေ၀ လင်္ကာသစ်ရဲ့ အဓိပ္ပါယ်ဆိုတော့ ခပ်တိုတို ပြောသည့်တိုင်အောင် အနည်းငယ်တော့ ရှည်သွားမှာပဲကွယ့်၊ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်သကွယ့် ”
“ မှန်ပါ၊ စိတ်ရှည်ရှည်ထားပြီး ဖတ်ပါ့မယ်ဘုရား ”
“ မဃဒေ၀လင်္ကာသစ် ၂၃၂- ရဲ့ အစမှာဆိုထားတာက-
ကာမေသုမိစ္ဆာ၊ သူ့အိမ်ရာ၌၊ ကိလေသာစက်၊ ကျူးမမက်နှင့်... တဲ့။ ဒါက မဃဒေ၀ မင်းကြီးက တောထွက်ခါနီး သားတော်ကို ဆုံးမလိုက်တဲ့ စကားပေါ့၊ ဒီလင်္ကာပိုဒ်မှာ သူ့အိမ်ရာဆိုတာ သူတစ်ပါးရဲ့ မယားကို ဆိုလိုတယ်၊ သူတစ်ပါးရဲ့မယားကို ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်တယ်၊ ဒါကြောင့် စက်လိုလည်နေတဲ့ ကိလေသာအလိုကို လိုက်ပြီး သူတစ်ပါးမယားကို မကျူးလွန်နှင့် မမက်မောနှင့်တဲံ။
သူ့ထက်ကိုယ်က၊ ဣဿရနှင့်၊ ဘောဂဥစ္စာ၊ စည်းစိမ်သာမှု၊ မိစ္ဆာတရား၊ မောဟပွား၏ ၊၊

ဒီလင်္ကာက ကိုယ်က သူ့ထက် အစိုးရခြင်း၊ အာဏာရှိခြင်း ဆိုတဲ့ ဣဿရိယဂုဏ်၊ အသုံးအဆောင် စည်းစမ်ဥစ္စာဂုဏ် သာလွန်ခဲ့လျှင် ထို ပုဂ္ဂိုလ်အပေါ်၊ မသိမှုမောဟ ဖုံးလွှမ်းပြီး၊ ကာမေသုမိစ္ဆာစာရ အကျင့်ယုတ်ကို ပိုမိုပြီး ပြုလုပ်တတ်ကြသတဲ့။
မသွားလာအပ်၊ မစပ်ရာဘိ၊ ကျမ်းလာရှိသား၊ အဂမနိယ၊ မိန်းမအပြား၊ နှစ်ကျိပ်အားတွင်။
ယောက်ျားများ မသွားလာအပ်သော ယောက်ျားတစ်ပါးနှင့် မစပ်သော ကျမ်းဂန်လာ အဂမနိယ မိန်းမအပြား နှစ်ဆယ် ရှိတယ်တဲ့ကွယ့်။ အဲဒီ အဂမနီယ မိန်းမနှစ်ဆယ်ကို ၀ိသုဒ္ဓါရုံ ဆရာတော်ဘုရားက အတိုကောက် လင်္ကာရေးထားခဲ့တယ်။
မာ၊ ပိ၊ မာပိ၊ ဘနှင့်ဘာ၊ ဉာ၊ ဂေါ၊ ဓမ်၊ သ၊ သာ ၊ ခ၊ ဆန်၊ ဘော၊ ပ၊ ဩ၊ ဩ၊ ခ၊ ကမ္မ၊ ဒါ၊ မုဟာ - တဲ့ အဓိပ္ပါယ်ကတော့
မာ- မာတုရက္ခိတာ = မိခင် စောင့်ရှောက်သော မိန်းမ၊
ပိ- ပိတုရက္ခိတာ = ဖခင် စောင့်ရှောက်သေ မိန်းမ၊
မာပိ- မာတာပိတုရက္ခိတာ= မိဘနှစ်ပါးလုံး စောင့်ရှောက်သော မိန်းမ၊
ဘ- ဘဂိနီရက္ခိတာ = အစ်မ, ညီမ စောင့်ရှောက်သော မိန်းမ၊
ဘာ- ဘာတုရက္ခိတာ= မောင်ကြီး, မောင်ငယ် စောင့်ရှောက်သော မိန်းမ၊
ဉာ- ဉာတိရက္ခိတာ= ဆွေမျိုး စောင့်ရှောက်သော မိန်းမ၊
ဂေါ - ဂေါတ္တရက္ခိတ = အနွယ်တူ စောင့်ရှောက်သော မိန်းမ၊
ဓမ် - ဓမ္မရက္ခိတာ = တရားကျင့်ဖော် စောင့်ရှောက်သော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမများကား ကာမပိုင် လင်မရှိသော မိန်းမများတည်း၊ မိမိ၏ ကာမကို မိမိသည်သာပိုင်၏ ။
သ- သပရိဒဏ္ဍာ = မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမ၊
သာ - သာရက္ခာ = အစောင့်အရှောက်ရှိသော မိန်းမ၊
ဓ - ဓနက္ကီတာ = ဥစ္စာဖြင့်ဝယ်ထားသော မယား၊
ဆန် - ဆန္ဒ၀ါသိနီ = အလိုတူ၍ သူ့အိမ်လိုက်နေသော မယား၊
ဘော - ဘောဂ၀ါသိနီ = အသုံးအဆောင်ဖြင့် အလိုတူသော မယား၊
ပ - ပဋ၀ါသိနီ = အ၀တ်တန်ဆာဖြင့် အလိုတူသော မယား၊
ဩ - ဩဒပတ္တကိနီ = ရေခွက်၌ လက်ဆုံချ ထိမ်းမြားသော မယား၊
ဩ - ဩဘတစုမ္ဗဋာ = ခေါင်းခု ချအပ်သော မယား၊
ဓ - ဓဇဟဋာ = သုံ့ပန်းမယား၊
ကမ္မ - ကမ္မကာရီဘရိယာ = အမှုလုပ် မယား၊
ဒါ - ဒါသီဘရိယာ = ကျွန်မယား၊
မုဟာ - မုဟုတ္တိကာ = ခဏမျှ ပေါင်းဖော်အပ်သော မယား ။
အခုဖော်ပြခဲ့တာက ယောက်ျားများ မသွားလာအပ် အကယ်၍ သွားလာသော် ကာမေသုမိစ္ဆာ စာရကံ ထိုက်တဲ့ မိန်းမ နှစ်ဆယ် ဖြစ်တယ်၊ အဂမနီယ ဆိုတဲ့ ပါဋ္ဌိက (မသွားမလာ အပ်) လို့ ဆိုလိုတယ်ကွယ့်။
သူ့မယားဖြစ်၊ တစ်ကျိပ်နှစ် နှင့်၊ မိချစ်ဘခင်၊ မောင်လျှင်အမ၊ ဉာတိ စသည်၊ စောင့်ကြတနိုင်၊ ကာမပိုင်သခင်၊ အရှင်ကင်းလစ်၊ လင်မဲ့ရှစ်၌ စင်စစ်အဂမနီ။
အားလုံး မိန်းမပေါင်း ၂၀ - မှာ ကာမပိုင်လင်မရှိတဲ့ မိန်းမက ရှစ်ယောက်၊ လင်ရှိတဲ့ မိန်းမက ၁၂- ယောက်၊ ဤ ၂၀- သော မိန်းမများဟာ ယောက်ျားတစ်ပါးတို့ မသွားလာအပ်လို့ အဂမနီယ ၀တ္ထုလို့ ခေါ်သတဲ့ကွယ့်။
သိမသိပင်၊ ဖြစ်ကျင်တပဲ၊ မှီဝဲလိုစိတ်၊ ရေနှယ်ဖိတ်လျက်၊ ဣတ္ထိ, ပုရိသ၊ ပယောဂဖြင့်၊ လုံ့လပြုခြင်း၊ မဂ်ချင်းချင်း၌၊ ထည့်သွင်းသာယာ၊ အင်လေးဖြာတို့ ၊ ညီပါတုံလစ်၊ ဤကံညစ်ကို၊ အပြစ်မသိ၊ မိန်းမတို့ ၊ သီလရှိမဲ့၊ လိုမဟဲ့နှင့် ၊ လိုဟဲ့အလျောက်၊ ထိုသယောက်တို့ ၊ ပြစ်ရောက်နည်းများ၊ ဟူတတ်ငြား၏ ။
ဒီလင်္ကာမှာ သိ, မသိ ဆိုတာက မသွားလာအပ်တဲ့ မိန်းမလို့ သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အင်္ဂါလေးပါးနှင့် ညီညွတ်ခဲ့လျှင် ကာမေသုမိစ္ဆာရကံ ထိုက်တယ်လို့ ဆိုလိုတယ်။ အင်္ဂါလေးပါးဆိုတာက-
(၁) မသွားလာထိုက်သော အဂမနီယမိန်းမ ဖြစ်ရမယ်၊
(၂) မှီဝဲလိုသော စိတ်လည်းရှိရမယ်၊
(၃) လုံ့လလည်း ပြုရမယ်၊
(၄) မင်္ဂချင်းချင်း၌ ထည့်သွင်းသည်ကိုလည်း သာယာရမယ်၊
ဒီအင်္ဂါလေးပါးဟာ ကာမေသုမိစ္ဆာစာရကံ ရဲ့ အင်္ဂါလေးပါးဖြစ်တယ်။ အင်္ဂါလေးပါးနှင့် ညီညွတ်ရင် ကာမေသုမိစ္ဆာစာရကံဟာ ဧကန်ဖြစ်ပြီးလို့ မှတ်ရမယ်၊ အဲဒီ မိစ္ဆာစာရကံဟာလည်း အဂမနီယ ဖြစ်သော မိန်းမ၏ သီလ ရှိခြင်း, မရှိခြင်း၊ အလိုတူခြင်း, မတူခြင်း အားဖြင့် အပြစ် အလေး, အပေါ့ ဖြစ်လာတယ်၊ မိန်းမက သီလရှိ၍ အလိုမတူသော်အပြစ်ကြီးတယ်၊ သီလ မရှိလို့ , အလိုတူခဲ့လျှင် အပြစ်ငယ်တယ်လို့ မှတ်ရမယ်၊ ဒီလင်္ကာမှာပါတဲ့ မဲ့- ဆိုတဲ့ ပေါရာဏကမရှိ၊ ဟဲ့ - ဆိုတဲ့ ပေါရာဏက ရှိ၊ သယောက် ဆိုတဲ့ ပေါရာဏက အမျှောင်လင်၊ အမျှောင်မယား လို့ ဆိုလိုတယ်ကွယ့်။
သူ့မယားဖြစ်၊ တစ်ကျိတ်နှစ် ၌ ၊ အပြစ်တူကွ၊ မလွတ်ကြဘူး၊ မိန်းမ, ယောက်ျား၊ နှစ်ဦးသားပင်၊ နှစ်ဦးကံမိုက်၊ အပါယ်ထိုက်ရှင့်။
ယောက်ျားဖြစ်သူဟာ လင်မရှိတဲ့ မိန်းမရှစ်ယောက်နှင့် လင်ရှိမယားတစ်ကျိပ် နှစ်ယောက်တိှု့မှာ လွန်ကျူးလျှင် ကာမေသုမိစ္ဆာစာရကံ အပြစ်ချင်း တူကြတယ်။ သူ့မယား ဖြစ်ခဲ့လျှင် ပရဒါကကံပါ ထပ်ဆင့်ပြီး အပြစ်ပိုပြီးကြီးတယ်၊ လင်ရှိမယား တစ်ကျိပ်နှစ်ယောက်တို့လည်း ယောက်ျားကဲ့သို့ ကာမေသုမိစ္ဆာစာရကံမိုက်ကြောင့် အပါယ်ကို ကျထိုက်သတဲ့၊ လင်မရှိတဲ့ မိန်းမ ရှစ်ယောက်တို့ကတော့ မိမိကာမကို မိမိသာ ပိုင်တာမို့ ကာမေသုမိစ္ဆာ မဖြစ်ဘူး၊ ကျူးလွန်တဲ့ ယောက်ျားသာ အပြစ်ဖြစ်တယ် ၊ ဒါကြောင့်-
မှတ်ပိုက်စင်စစ်၊ လင်မဲ့ရှစ်မှာ၊ ယောက်ျားသာဟု၊ ကျမ်းလာမမှား၊ ဆုံးဖြတ်ခြား၏
လို့ ဆက်လက်ရေးသားတော်မူတယ်ကွယ့်၊ ကျန်တဲ့ လင်္ကာပိုက်ဒ်ကတော့ အခက်အခဲမရှိပါဘူး ၊ ဒါကြောင့် လိုရင်းကိုပဲ ပြောပြတော့မယ် ”
“ မှန်ပါ၊ မိန့်တော်မူပါဘုရား ”
“ ကာမေသုမိစ္ဆာစာရကံ ကမ္မပထမြောက်ခဲ့လျှင် အခြားမဲ့သော အနန္တရဘ၀မှာ ငရဲကို ကျရောက်တတ်တယ်၊ ဓမ္မပဒ အဋ္ဌကထာမှာလာတဲ့ ဒု၊ သ၊ န၊ သော သူဌေးသား လေးဦးတို့ဟာ ကာမေသုမိစ္ဆာစာရကံကြောင့် ပွက်ပွက်ဆူနေတဲ့ ကြေးသံရည်အတွင်း အောက်ထက်ပြောင်းပြန် နှစ်ခြောက်သောင်းမှာ ဦးခေါင်း တစ်ခါ ပေါ်လာပြီး ပြန်နှစ်မြုပ်သွားရတယ်၊ ဒါကြောင့် မိမိစိတ်ကို ထိန်းပါ၊ မိန်းမနှင့် ယောက်ျားဆိုတာ ကြုံကြိုက်လာလျှင် စစ်ကြီးထသလို နှစ်ဦးသား ကိလေသာတွေ ထကြွလာတတ်ကြပါတယ်၊ သတိတရား, သမာဓိတရား , ပညာတရား ရှေ့မှာထားပြီး ထိန်းသိမ်းပါ၊ အရှင်အနန္ဒာ အလောင်းဟာ ပါရမီတော်ကို ကမ္ဘာ့တစ်သိန်း ဖြည့်ဆည်းပူးပြီး ဖြစ်ပါလျက် ပန်းထိမ်သည်ဘ၀က တစ်ကြိမ်မျှ ကာမေသုမိစ္ဆာစာရကံ လွန်ကျူးမိလို့ ရောရုဝငရဲ ရောက်ပြီး ငရဲကလွတ်ခဲ့တော့ မိန်းမ၊ နပုန်းပဏ္ဍုတ်နှင့် ၁၄- ဘ၀တိုင်အောင် ဗီဇအထုပ်ခံရတဲ့ နွား, မျောက် ဖြစ်ခဲ့ရသေးသတဲ့၊ ဒါကြောင့် အလွန်ကြောက်စရာကောင်းတဲ့ ပရဒါရ ကံကြီးကလွတ်အောင် ထိန်းသိမ်းပါလို့ ဆိုလိုသကွယ့် ”
“ မှန်ပါ မဃဒေ၀လင်္ကာသစ်ရဲ့ ဆိုလိုရင်းကိုတော့ သဘောပေါက်သွားပါပြီး၊ သို့သော် အနည်းငယ် မရှင်းလင်းတာကလေးများကို လျှောက်ထားပါရစေဦး ဘုရား ”
“ လျှောက်ထားပါ၊ ဘာများ လျှောက်ထားချင်သလဲ ”
“ လျှောက်ထားချင်တာက လင်မရှိတဲ့ မိန်းမ ရှစ်မျိုးတို့ ဟာ သူတို့ နှစ်သက်တဲ့ ယောက်ျားတစ်ဦး နှင့် နှစ်ဦးသဘောတူ ရုံးမှာ လက်ထပ်ခဲ့လျှင် နှစ်ဦးသား ကာမေသုမိစ္ဆာစာရကံ လွတ်, မလွတ်ပါ ဘုရား ”
“ လင်မရှိတဲ့ မိန်းမရှစ်ယောက်တို့ကတော့ သူတို့ ကာမ သူတို့ ပိုင်တာ မို့ ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူး၊ ယောက်ျား ဖြစ်သူကလည်း မိဘစတဲ့ အုပ်ထိန်းသူထက် အဆင့်မြင့်တဲ့ အစိုးရဌာနက အသိအမှတ် ပြုပေးလိုက်တဲ့ အတွက် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူး လို့ မှတ်ရမယ်ကွယ့် ”
“ သားသမီးရှိတဲ့ မုဆိုးမ, တစ်ခုလပ်တို့ နှင့် နှစ်ဦးသဘောတူ ပေါင်းဖော်လျှင်ကော အပြစ်လွတ်ပါ့မလား ဘုရား ”
“ သားသမီးဆိုတာ မိဘရဲ့ အစောင့်အရှောက်ခံသာ ဖြစ်တယ်၊ မိခင် က သားသမီးရဲ့ အစောင့်အရှောက် ခံမဟုတ်လို့ မိန်းမက သဘောတူလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပါဘူး ”
“ လင်မဲ့ မိန်းမရှစ်မျိုးက မယားရှိတဲ့ သူတစ်ပါးလင် နှင့် ပျော်ပါးလျှင်ကော နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါ့မလား ဘုရား ”
“ လင်မဲ့ ရှစ်မျိုးကတော့ သူတစ်ပါး လင်နှင့် ပျော်ပါးသည့်တိုင်အောင် မိမိကာမကို မိမိတို့သာ ပိုင်ဆိုင်တာမို့ ကာမေသုမိစ္ဆာစာရကံ မဖြစ်ဘူး၊ ယောက်ျားဖြစ်သူကတော့ မအိပ်အပ်တဲ့ နှစ်ကျိပ်သော မိန်းမ နှင့် ပျော်ပါးတာမို့ ကာမေသုမိစ္ဆာစာရကံ မလွတ်ဘူး ”
“ ဇနီးရှိတဲ့ လင်ယောက်ျားဟာ ဇနီးမယား သဘောမတူတဲ့ လင်မဲ့ မိန်းမ ရှစ်မျိုးနှင့် ပေါင်းဖတ်လျှင်ကော နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါမလား ဘုရား ”
“ လင်မဲ့ မိန်းမကတော့ လွတ်တယ်၊ ဇနီးရှိတဲ့ ယောက်ျားကတော့ အုပ်ထိန်းသူများ သဘောမတူလျှင် အပြစ်မလွတ်ဘူး ”
“ အုပ်ထိန်းသူကတော့ သဘောတူတယ်၊ လင်မဲ့မိန်းကလေးက သဘောမတူဘူး ၊ အဲဒါ လွန်ကျူးလျှင်ကော အပြစ်လွတ်ပါ့မလားဘုရား ”
“ ကာယကံရှင်က သဘောမတူဘဲ သူ့ကာမကို လုယူတဲ့အတွက် အပြစ်မလွတ်ဘူးကွယ့်  ”
“ လင်မဲ့ မိန်းမမှာ အုပ်ထိန်းသူ (စောင့်ရှောက်သူ ) တွေ များနေတယ်၊ တချို့က သဘောတူ၊ တချို့က သဘောမတူဖြစ်နေလျှင်ကော ဘုရား ”
“ အေး.... မိန်းကလေးက သဘောတူလျှင် အပြစ်မဖြစ်ပါဘူး ”
“ လင်မဲ့မိန်းမဟာ အုပ်ထိန်းသူ မသိဘဲ တိတ်တဆိတ် ပြည့်တန်ဆာမ လုပ်ခဲ့လျှင်ကော အပြစ်လွတ်ပါ့မလား ဘုရား ”
“ မိန်းကလေးဟာ အဂမနီယ၀တ္ထုဖြစ်လို့ အပြစ်မလွတ်ဘူးကွယ့် ”
အင်း.... ကာမေသုမိစ္ဆာစာရကံနှင့် ပတ်သက်ပြီး မေးကွက်တွေကတော့ အများသားကလား၊ အဖြေကတော့ ကာမေသုမိစ္ဆာစာရကံရဲ့ အင်္ဂါ လေးချက် ကိုက်ညီလျှင် အပြစ်ရှိတယ်၊ မကိုက်ညီလျှင် အပြစ်မရှိဘူးပေါ့ကွယ်၊ ဒီနေရာမှာ အပြစ်ဆိုတာဟာလဲ (ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း ) ကို ဆိုလိုပါတယ်။ တဏှာ, ရာဂ, လောဘ ဆိုတဲ့ အပြစ်ကတော့ ဘယ်ကင်းမလဲလေ ဟုတ်လား ”
“ မှန်ပါ သဘောပေါက်ပါပြီးဘုရား ”
“ သာဓု ... သာဓု... သာဓု ”

အပြည့်အစုံသို့...

Thursday, April 23, 2009

ဈာန်အင်္ဂါငါးပါးနှင့်ဝသီဘော်ငါးတန်

ဈာန်အင်္ဂါငါးပါး
၁။ ၀ိတတ်- အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်း သဘော။
၂။ ၀ိစာရ - အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင် သဘော။
၃။ ပီတိ- အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ဝမ်းမြောက်ခြင်း သဘော။
၎။ သုခ - အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားခြင်း သဘော။
၅။ ဧကဂ္ဂတာ - အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်း သဘော။

ဤ ဈာန်အင်္ဂါ ငါးပါးတို့ ပြည့်ပြည့်၀၀ ဖွံ့ဖြိုးနေကြလျှင် ယောဂီ သန္တာန် ၌ ရူပါဝစရ ပထမကုသိုလ်ဈာန် ဖြစ်ပေါ်နေပြီး ဟု ယူဆနိုင်၏။ ထိုအခါ ယောဂီသည် ဈာန်အင်္ဂါများကို ဆင်ခြင်မှုနည်းပါးစေ၍ ဈာန်ဝင်စား မှု များစေရမည်။ ဤပထမဈာန်ကို ၀သီဘော်ငါးတန်နိုင်နင်းအောင် လေ့ကျင့်ရမည်။
ဝသီဘော်ငါးတန်
၁။ အာဝဇ္ဇန၀သီ - ဈာန်ဝင်စား၍ ဈာန်အင်္ဂါများကို မနောဒွါရာဝဇ္ဇန်း စိတ်ဖြင့် အလိုရှိတိုင်း ဆင်ခြင် နိုင်စွမ်းရှိခြင်း။
၂။ သမာပဇ္ဇန၀ဿီ- ဈာန်ကို အလိုရှိသည့်အခါတိုင်း အလိုရှိသလို လျှင်မြန်စွာ ၀င်စားနိုင်ခြင်း။
၃။ အဓိဋ္ဌာန၀သီ - ဈာန်ကို အလိုရှိသလောက် အချိန်ကာလကို ပိုင်းခြင်း အဓိဋ္ဌာန်ကာ ၀င်စားနိုင်စွမ်းရှိခြင်း။
၎။ ၀ုဋ္ဌာန၀သီ- ပိုင်းခြားထားသည့် အချိန်ကာလစေ့သော် ဈာန်မှ ထနိုင်စွမ်းခြင်း၊
၅။ ပစ္စဝေက္ခဏာဝသီ - ပစ္စဝေက္ခဏာဇောစိတ်တို့နှင့် ယှဉ်သော ဉာဏ်ဖြင့် ဈာန်အင်္ဂါများကို အလိုရှိသလို
ဆင်ခြင်နိုင်စွမ်းရှိခြင်း။
ယောဂီသည် ပထမဈာန်တွင် ၀သီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ဈာန်မှထ၍ ၀ိတတ်, ၀ိစာရ တို့ကို ပယ်ခွာလျက် အာနာပါနဿတိ သမာဓိဘာဝနာကို အားထုတ်ခြင်းဖြင့် ရူပါဝစရ ဒုတိယဈာန်ကို ပျိုးထောင်နိုင်၏။ ဤဒုတိယဈာန်ကို တစ်ဖန် ၀သီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော် ပီတိကို ထပ်မံ ပယ်ခွါခြင်းဖြင့် ရူပါဝစရ တတိယဈာန်ကို ထူထောင်နိုင်၏။ ထိုနည်းအတူ ဤ တတိယဈာန်ကို ၀သီဘော်ငါးတန် နိုင်နင်းအောင် လေကျင့်ပြီးသော သုခကို ပယ်ခွာခြင်းဖြင့် ရူပါဝစရ စတုတ္ထဈာန်ကို ပျိုးထောင်နိုင်၏။ ဤစတုတ္ထဈာန်ရောက်ကြောင်း သေချာစွာ သိနိုင်ရန် ယောဂီသည် သူမ၏ မနောအကြည်၌ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ထင်ပေါ်နေသော ဈာန်အင်္ဂါများ (ဥပေက္ခာ နှင့် ဧကဂ္ဂတာ) ကို ဆင်ခြင်၍လည်းကောင်း၊ စတုတ္ထဈာန်၏ အခြားထူးခြားသည့် ၀ိသေသ လက္ခဏာများကို ဆင်ခြင်၍ လည်းကောင်း သိနိုင်ပါသည်။
ဒေါက်တာမင်းတင်မွန် ၏ “သမထဘာဝနာ၌ အောင်မြင်ပေါက်ရောက်ခြင်း” စာအုပ်မှ-

အပြည့်အစုံသို့...

Thursday, April 16, 2009

ပေတောကျောင်း


ပေတောဆိုတာတကယ်တော့ ပရဟိတကျောင်းလေးတစ်ကျောင်းရဲ့အမည်နာမလေးပါ။ ဤကျောင်းတော်ကို မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ လူငယ်ဖွံ့ဖြိုးရေး ပေတော ပရဟိတ တိုင်းရင်းသား မိဘမဲ့ကလေးများ မှီခိုနားရာ ဤပရဟိတကျောင်းတော်ကို ၁၉၄၇ ခု၊ စစ်ပြီးကာလ အကြောင်း အမျိုးမျိုးကြောင့် လေလွင့်ပျက်စီးနေသော မိဘမဲ့တိုင်းရင်သားကလေးများကို စုစည်း၍ ကျေးဇူးရှင် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇဓမ္မ ဆရာတော် ဘုရားကြီး တည်ထောင် သာသနာပြုခဲ့ပါသည်။ ဆရာတော်သည် ရပ်ဝေး ရပ်နီးမှ မိဘမဲ့။ မရှိ ဆင်းရဲသော ကလေးများကို ကျောင်း၌ ကျောင်းအိပ် ကျောင်းစားဖြင့် လက်ခံကာ အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးခဲ့ပါတယ်။ ဆရာတော်၏ စွမ်းဆောင်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် (၅- ၅-၆၄) နေ့ ပရဟိတအဖွဲ့ချုပ်၏ မှတ်ပုံတင်အမှတ် (၂၇) ၊ အမျိုးသားစည်းလုံညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေအရ စာအမှတ် (၁၅/၁၉၅၉-၆၀) နေ့စွဲ (၉--၁၂-၅၉) နေ့တွင် အစိုးရ အသိအမှတ်ပြု ဂေဟာ အဖြစ် သိတ်မှတ်ပေးခဲ့ပါသည်။ မိဘမဲ့ ၊ ခိုးကိုးရာမဲ့ ရှမ်း။ ပလောင်၊ ချင်း၊ ပအိုဝ်၊ ကချင်၊ ဗမာများ ပါဝင်သော တိုင်းရင်းသားကလေး တစ်ရာငါးဆယ်ကျော် အတွက် တစ်နှစ်စာ စားဝတ်နေရေး ၊ ပညာရေး၊ ဖူလုံစေရန်၊ ပေတော ပရဟိတကျောင်းတိုက်မှ သံဃာတော်များ တစ်နှစ်စာ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) ပစ္စည်းလေးပါး(ရှင်လေးပါး) ပရိယတ်၊ ပဋိပတ် သင်အံအားထုတ် ကျင့်ကြံနိုင်စေရန် လိုအပ်ချက်များ ရှိပါသည်။ မိဘမဲ့ကျောင်းတော်မှ ကျွန်တော်လဲ အထက်တန်းကျောင်း အောင်မြင်လာခဲ့ပါသည်။ မိမိကို ကျေးဇူးရှိဖူးသော အမိကျောင်းတော်အတွက် တစ်ထောင့်တစ်နေရာမှ တရားအသိလေးများ ဖြန့်ဝေပေးသည်ထက် မိမိလဲ စာအုပ်များ ဖတ်ဖြစ်ခြင်း၊ တရားတော်များ နာကြားချင်လာအောင် ,ပြီးတော့ မိမိအတွက်လဲ သိနားလည်လာနိုင်သောကြောင့် ဤသို့သော ဘလော့ဆိုက်လေးပြုလုပ်ထားခြင်းပါသည်။ ကျောင်းတော်နဲ အဆက်အသွယ်ခက်ခဲသောကြောင့် ဓါတ်ပုံ, မှတ်တမ်းများဖြင့် မဖော်ပြနိုင်သည်ကို နားလည်ပေးစေလိုပါသည်။

အပြည့်အစုံသို့...

သမာဓိ(သို့မဟုတ်) စိတ်ကိုစောင့်ရှောက်ခြင်း

သမာဓိသိက္ခာဟူသော သမာဓိကျင့်စဉ်၏ ရည်မှန်းချက်မှာ
(၁) မိမိ၏စိတ်အစဉ်ကို ကုသိုလ်တရားများ မဖြစ်ပေါ်အောင် တားဆီးပိတ်ပင်တတ်သည့် နီဝရဏတရားများနှင့် စိတ်ကို ညစ်နွမ်း ပူလောင်စေသည့် ကိလေသာများမှ ကင်းဝေးစင်ကြယ်စေရန်၊
(၂) စိတ္တ၀ိသုဒ္ဓိခေါ် စိတ်စင်ကြယ်မှုကို ရရှိရန် နှင့်
(၃) ၀ိပဿနာကို ထိထိရောရောက်အားထုတ် နိုင်အောင် စိတ်စွမ်းအား အလွန်ကြီးမား လာစေရန်တို့ ဖြစ်သည်။

စင်ကြယ်သည့် သီလကို ထူထောင်ပြီး ထိန်းသိမ်းထားသောအခါ ကုသိုလ်တရားများကို တားဆီးပိတ်ပင် တတ်သည့် နီဝရဏ တရားများအပါအ၀င် ပရိယုဋ္ဌာန ကိလေသာများသည် စိတ်ကို နှောင့်ယှက်ပူလောင်စေကြသေး၏။ စိတ်ကို မတည်ငြိမ်အောင် ပျံ့လွင့်အောင် ပြုလုပ်နေကြသေး၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဓမ္မပဒပါဠိတော်၌ တပည့်သား ရဟန်းများကို ငြိမ်းချမ်းမှုနှင့် ချမ်းသာမှုတို့ကို ခံစားနိုင်ရေးအတွက် စိတ်ကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ကြဖို့ တိုက်တွန်းတော်မူ၏။

စိတ်သည် အလွန့်အလွန်သိမ်မွေ့၍ အလွန့်အလွန်မြင်နိုင်ခဲ့၏။ စိတ်သည် အလွန်လျင်မြန်သွက်လက်စွာ အာရုံတစ်ခုမှ တစ်ခု သို့ ပြေးလွှားနေပြီး ၎င်းအလိုရှိရာ အာရုံ၌ ကျရောက်တတ်၏။ ၎င်းကို နှိမ်နင်းချုပ်ထိန်းရန် ယဉ်ကျေးအောင် ပဲ့ပြင်ဆုံးမရန် အလွန်ခဲယဉ်း၏။ သို့သော် ပညာရှိတို့သည် စိတ်ကို စောင့်ရှောက်ရာ၏။ ကောင်းစွာ ယဉ်ကျေးပြီးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏” (ဓမ္မပဒ ၃၅၊ ၃၆)
မြတ်စွာဘုရားသည် သမာဓိသုတ္တန် တွင် ရဟန်းများအား ပရမတ်တရားများကို သဘာဝအနေအထားအတိုင်း မှန်ကန်စွာ ရှုမြင်နိုင်ရေးအတွက် သမာဓိထူထောင်ရန် တိုက်တွန်းတော်မူ၏။
သမာဓိံ ဘိက္ခဝေ ဘာဝေထ သမဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ ” (သံ၊ ၃၊ ၃၆-၃၈)
ရဟန်းတို့ သမာဓိကို ထူထောင်နိုင်အောင် ပွားများအားထုတ်ကြ၊ရဟန်းတို့ သမာဓိ ရှိတဲ့ ရဟန်းဟာ ပရမတ်တရားများ ဖြစ်ကြသည့် အရိယာသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမြင်နိုင်၏
မဟာသတိပဋ္ဌာနသုတ် ၌လည်း မြတ်စွာဘုရား မိန့်ဆိုသည့်အတိုင်း သမ္မာသမာဓိသည် ရူပါဝစရဈာန် လေးပါးနှင့် ယှဉ်သော သမာဓိ ဖြစ်ပါသည်။ ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားချက် အရ-
စိတ္တ၀ိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော
ဥပစာရသမာဓိ နှင့်တကွ ဈာန်သမာပတ် ရှစ်ပါးနှင့် ယှဉ်သော သမာဓိတို့သည် စိတ္တ၀ိသုဒ္ဓိ မည်ကြ၏။
ယောဂီတစ်ဦးသည် ဥပစာရသမာဓိကို ဖြစ်စေ ဈာန်သမာဓိ ကိုဖြစ်စေ ၀ိပဿနာ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီးလျှင် ပရမတ်ရုပ်နာမ် တရားများကို မတည်မြဲသောကြောင့် - အနိစ္စ၊ ဆင်းရဲသည့် သဘောကြောင့်- ဒုက္ခ၊ ပုဂ္ဂိုလ်, သတ္တ၀ါ, ငါ မဟုတ်သည့် သဘောကြောင့် - အနတ္တဟု လက္ခဏာရေးသုံးပါ တစ်လှည့်စိတ်တင်ကာ ၀ိပဿနာရှိရပါမည်။ ဤသို့ ၀ိပဿနာရှုနေသည့် အခါ ၀ိပဿနာဉာဏ်နှင့်ယှဉ်သော သမာဓိကို “ ခဏိကသမာဓိ ” ဟု ခေါ်ပါသည်။
မြတ်စွာဘုရားသည် သမထဘာဝနာအတွက် ကမ္မဋ္ဌာန်း လေးဆယ် ညွှန်းပြထားပါသည်။ ဤကမ္မဋ္ဌာန်းလေးဆယ်အနက် မိမိစရိုက် နှင့် ကိုက်ညီမည့် မည်သည့် ကမ္မဋ္ဌာန်းကို မဆို ရွေးချယ်၍ သမ္မာ သမာဓိ ထူထောင်ရန် အသုံးပြုနိုင်ပါသည်။ အရည်အသွေးပြည့်မီသော ကမ္မဋ္ဌာနာစရိယတစ်ဦး၏ ညွှန်ကြားမှုဖြင့် မြတ်စွာဘုရား၏ လမ်းညွှန်ချက်အတိုင်း မှန်ကန်စွာ ရှုပွားရန်ကား လိုအပ်ပေသည်။အာနာပါနဿတိသည် သမာဓိကို လျင်မြန်စွာ ထူထောင်ရေးအတွက် အထိရောက်ဆုံး ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါသည်။ အာနာပါနဿတိကို မြတ်စွာဘုရား လွန်စွာ ချီးကျူးတော်မူသည့်အပြင် ယခုအခါ တရားရိပ်သာများစွာ၌ သမာဓိထူထောင်ရန် အထူးကမ္မဋ္ဌာန်း (ပါရိဟာရိယကမ္မဋ္ဌာန်း) အဖြစ် အသုံးပြုကြပါသည်။ မြတ်စွာဘုရား လမ်းညွှန်သည့်အတိုင်း အာနာပါနဿတိကို ရှုပွားလျှင် ရူပါဝစရစတုတ္ထဈာန်အထိ စိတ်ကို ဖွံ့ဖြိုးတိုးတတ်စေနိုင်မည် ဖြစ်သည်။ အာနာပါနဿတိသုတ္တန်အရ အာနာပါနကမ္မဋ္ဌာန်းကို အဆင့်လေးဆင့်ဖြင့် ထူထောင်ရပေမည်။ ယင်းအဆင့်လေးဆင့်မှာ -
(၁) ရှည်သော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၂) တိုသော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၃) ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို သိအောင်ရှုခြင်း နှင့်
(၄) ၀င်လေထွက်လေတို့ကို ငြိမ်းစေခြင်း
တို့ဖြစ်သည်။ လက်တွေ့ ရှုရာတွင် အဋ္ဌကထာကြီးတို့၏ သြ၀ါဒကို လိုက်နာလျက် ဘာဝနာသတိကို လျင်မြန်စွာ ထူထောင်နိုင်ရေးအတွက် “ဂဏနာနည်း” ခေါ် ရေတွက်သည့်နည်းဖြင့် ၀င်လေ (အဿာသ)၊ ထွက်လေ (ပဿာသ) တို့ကို ရှုသိရန် ဘာဝနာပွားသူအား ဦးစွာ သင်ပေးပါသည်။ ဘာဝနာရှုသူ ယေယာဂီသည် ဆိတ်ငြိမ်ရာ၌ ကိုယ်ကို မတ်မတ် ထား၍ ငြိမ်သက်စွာ ထိုင်ပြီးလျှင် မျက်စိမှိတ်ကာ ပုံမှန်အသက်ရှုနေရမည်။ နှာသီးဖျား၌ဖြစ်စေ နှာခေါင်းဝ၌ ဖြစ်စေ နှုတ်ခမ်းအထက်၌ ဖြစ်စေ လေတိုးထိမှုထင်ရှားသည့်နေရာ၌ စောင့်၍ “ ၀င်လေ ထွက်လေ ” ကို ရှုကြည့်ရမည်။ ၀င်လေထွက်လေအာရုံ၌ သတိမြဲအောင် စိုက်ရှုနေရပါမည်။ “ ဘာဝနာရှုပွားသူသည် ၀င်လေထွက်လေတိုးထိရာ ထင်ရှားသည့်အရပ်၌ ၀င်လေထွက်လေကို သတိကပ်၍ ရှုပွားမှသာလျှင် အာနာပါနဿတိသမာဓိနှင့် ဘာဝနာသည် ပြည့်စုံစွာ ပြီးမြောက်နိုင်သည် ” ဟု ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားပါသည်။
ယောဂီသည် သမာဓိကို ကိုယ်စားပြုသော ဧကဂ္ဂတာ စေတသိက် ( စိတ်စေတသိက် တို့ကို အမှတ်တစ်ခုတည်း၌ စုစည်းခြင်း) ကို ပျိုးထောင်နိုင်ရေးအတွက် အမှတ်တစ်ခုတည်း၌ ၀င်လေ ထွက်လေ အပေါ် စိတ်စူးစိုက်ထားရမည်။ အခြားအာရုံများဆီသို့ စိတ်ကို မပျံ့လွင့်စေရပါ။ ခန္ဓာကိုယ်တစ်နေရာ၌ ယားယံနာကျင်လာလျှင်လည်း အာရုံမပြုရပါ။ ဤယားယံမှုစသည်တို့သည် သမာဓိထူထောင်ဖို့ အတွက် ဘာဝနာအာရုံမဟုတ်ကြပါ။ အခြားအာရုံရောက်သွားလျှင် အာရုံလဲပျောက် သမာဓိလဲပျောက်မည် ဖြစ်သည်။ ၀င်လေထွက်လေကို ရေတွက်ရာ၌ လေရှူသွင်း ရှူထုတ်ပြီးသော် “ တစ် ” ဟု ရေတွက်ပါ။ တစ်ဖန် လေရှူသွင်း ရှူထုတ်ပြီးသော် “ နှစ် ” ဟု ရေတွက်ပါ။ ဤနည်းအတိုင်း ၀င်လေ ထွက်လေ ကို ရေတွက်ခြင်းဖြင့် သမာဓိထူထောင်နိုင်ပါသည်။
ဝင်လေထွက်လေ၏ အရှည်အတိုကို ၀င်လေထွက်လေ ရှူရှိုက်ရန် ကြာမြင့်သောအချိန်ကာလနှင့် ဆုံးဖြတ်၏။ ခပ်ကြာကြာဖြစ်နေသော ၀င်လေထွက်လေကို “ အရှည် ” ဟုလည်းကောင်း၊ အချိန်ကာလ ခပ်တိုတို ဖြစ်နေသည့် ၀င်လေထွက်လေကို “ အတို ” ဟု လည်းကောင်း သတ်မှတ်ပါ။ မည်သို့ပင် ရှိစေ ယောဂီသည် ၀င်လေထွက်လေ၏ အရှည်အတိုကို သိနေရမည့်အပြင် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကိုလည်း လေတိုးထိသည့်နေရာ၌ ရှုသိနေရမည်။ ၀င်လေထွက်လေနှင့် လိုက်၍ အတွင်းသို့ ဖြစ်စေ အပြင်သို့ ဖြစ်စေ မရှုရပါ။ ယောဂီသည် တံခါးစောင့် နှင့် တူစွာ ပြုမူရမည်။ တံခါးစောင့်သည် မြို့တွင်၌လည်းကောင်း မြို့ပြင်၌လည်းကောင်း လူတို့ကို မစစ်ဆေးပါ။ သူနှင့် မသက်ဆိုင်၍ မစစ်ဆေးခြင်း ဖြစ်သည်။ သို့သော် တံခါးဝသို့ ရောက်လာသော လူတစ်ယောက်စီကို သူစစ်ဆေးသည်။ အလားတူပင် ယောဂီသည် နှားခေါင်းဝကို ကျော်လွန်၍ အတွင်းသို့ ၀င်သွားသော ၀င်လေကို လည်းကောင်း၊ အပြင်သို့ ထွက်သွားသော ထွက်လေကို လည်းကောင်း၊ သူနှင့်မသက်ဆိုင်င အာရုံမပြုပါ။ နှာခေါင်းဝသို့ ရောက်လာသော ၀င်လေထွက်လေကို မူ သူနှင့် သက်ဆိုင်သဖြင့် သူသတိမူ၍ ရှုသည်။
ယောဂီသည် လွှတိုက်သူ ကဲ့သို့လည်း ပြုမူသင့်သည်။ လွှတိုက်သူသည် သစ်တုံးနှင့် လွှသွား ထိတွေ့ရာအရပ်၌သာ အာရုံစူးစိုက်ထာသည်။ ချဉ်းကပ်လာသော လွှသွားများကိုလည်းကောင်း၊ ဝေးကွာသွားသော လွှသွားများကို လည်းကောင်း သူ အာရုံမပြုပါ။ အာရုံပြုသော်လည်း ထိုလွှသွားများကို သူမြင်သိနေသည်သာ ဖြစ်၏။ ထိုနည်းအတူ ဘာဝနာရှုသူသည် နှာသီဖျား သို့မဟုတ် နှာသီးဝ သို့မဟုတ် နှုတ်ခမ်းအထက် လေတိုးထိသည့် နောရာ၌ ၀င်လေ ထွက်လေကို သတိကပ်၍ စူးစိုက် ရှုနေရမည်။ ၀င်လေချဉ်းကပ် လာသည်ကိုလည်းကောင်း ထွက်လေထွက်ခွါသွားသည်ကို လည်းကောင်း သူအာရုံမပြုပါ။ အာရုံမပြုသော်လည်း ထိုချဉ်းကပ်လာသော ၀င်လေနှင့် ထွက်ခွါသွားသည့် ထွက်လေတို့ကို သူသိနေသည်သာ ဖြစ်သည်။ ယောဂီသည် သူ၏ ဘ၀နာစိတ်ကို ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို လေတိုးထိသည့် နှာခေါင်းဝ သို့မဟုတ် နှုတ်ခမ်းအထက်၌ ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ထင်ထင်ရှားရှား ရှုသိနေသောအခါ စတုတ္ထအဆင့်သို့ တတ်လှမ်းနိုင်ပြီးဖြစ်ပါသည်။ ယောဂီသည် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို အဆက်မပြတ် သိအောင် သတိကပ်၍ ရှုနေသည့်အခါ သူ၏၀င်လေထွက်လေသည် ပို၍ပို၍ ညင်သာသိမွေ့လာ၏။ အကြောင်းကား အခြား ကမ္မဋ္ဌာန်းအာရုံတို့သည် ဘာဝနာ အဆင့်မြင့်တတ်လာသည့်အခါ တစ်ဆင့်ထက်တစ်ဆင့် ပို၍ပို၍ ထင်ရှားလာပါသော်လည်း အာနာပါနဿတိ ကမ္မဋ္ဌာန်းမှာ ထိုသို့မဟုတ်ဘဲ ဘာဝနာအဆင့်မြင့်တတ်လာသည်နှင့်အမျှ ပို၍ပို၍ သိမ်မွေ့လာခြင်း ကြောင့်ဖြစ်၏။ နောက်ဆုံး ကမ္မဋ္ဌာန်းအာရုံဖြစ်သော ၀င်လေ ထွက်လေသည် မထင်ရှားသည်အထိ ကွယ်ပျောက်သွားသည့် အထိဖြစ်သွား၏။ ထိုသို့ ၀င်လေထွက်လေ ကွယ်ပျောက်သွားလျှင် ယောဂီသည် ထိုင်နေသည့်နေရာမှ ထမသွားသင့်ပါ။ သူသည် ထိုင်မြဲထိုင်လျက် မူလ ၀င်လေထွက်လေ၏ ထိမှုထင်ရှားရာ နှာသီဖျား သို့မဟုတ် နှုတ်ခမ်းအထက်၌ သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ ရှုနေရမည်။
ဤသို့ ရှုဖန်များလျှင် သူ၏ သတိသမ္ပဇဉ်ဉာဏ်တို့ တဖြည်းဖြည်း မြင့်တတ်လာသဖြင့် မကြာမြင့်မီ အလွန်သိမ်မွေ့သော ၀င်လေထွက်လေကို ပြန်၍ တွေ့လာတတ်၏။ ထိုသိမ်မွေ့သော လေ၌ သူ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါက သမာဓိအား ကောင်းလာသည့်အခါ နိမိတ်ပေါ်လာတတ်၏။ အာနာပါနကမ္မဋ္ဌာန်း၌ ဘာဝနာနိမိတ်သုံးမျိုးစလုံး ထင်ပေါ်လာတတ်၏။ ဤနိမိတ်တို့မှာ အထက်ဘာဝနာနိမိတ်ထင်လာရန် စီမံပြုပြင်ပေးသည့် ပရိကမ္မနိမိတ်၊ မျက်စိမှိတ်လျက် မြင်နေရသည့် ဥဂ္ဂဟနိမိတ်နှင့် ကြည်လင်တောက်ပသည့် ပဋိဘာဂနိမိတ်တို့ ဖြစ်ကြသည်။ ပကတိ ၀င်လေထွက်လေသည် ပရိကမ္မနိမိတ် ဖြစ်၏။ သမာဓိ အသင့်အတင့်မြင့်လာသောအခါ ထင်ပေါ်လာသည့် ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကိုလည်း ပရိကမ္မနိမိတ ဟူ၍ပင် မှတ်ယူ၏။ သမာဓိပိုမြင့်လာသောအခါ အာနာပါနနိမိတ်သည် ဗိုင်းဝါဂွမ်း သို့မဟုတ် လဲဝါဂွမ်းကဲ့သို့ အဖြူရောင် နိမိတ်ဖြစ်ပေါ်လာ၏။ ဤနိမိတ်ကို ဥဂ္ဂဟနိမိတ် ဟုခေါ်၏။ ဤသို့ ဆိုခြင်းမှာ ယေဘုယျ သဘောဖြစ်၏။ အခြားအရောင်နှင့် ပုံသဏ္ဌာန်ရှိသော နိမိတ်များလည်း ထင်ပေါ် လာတတ်၏။ လူအမျိုးမျိုးအတွက် နိမိတ်အမျိုးမျိုး ထင်ပေါ်နိုင်၏။ သညာ၏ မှတ်သားမှု မတူကြသောကြောင့် ဖြစ်၏။ သမာဓိဆက်လက်၍ တိုးမြင့်လာသောအခါ အာနာပါန နိမိတ်သည သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာ၏။ ဤနိမိတ်ကို ပဋိဘာဂနိမိတ် ဟု မှတ်ယူနိုင်၏။ တစ်ဖန် ဤ ပဋိဘာ ဂ နိမိတ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ထင်ပေါ်နိုင်၏။ သောက်ရှူးကြယ်၊ ပတ္တမြားလုံး၊ ပုလဲလုံး ၊ လဲဝါဂွမ်းစေ့၊ ရှည်သော ဆောက်လုံးကြိုးမျှင်၊ ပန်းဆိုင်း၊ ကြည်လင်တောက်ပသော မီးခိုးညွန့်၊ လ၀န်း၊ နေ၀န်း စသည်ဖြင့် အသွင်တစ်မျိုးမျိုးဖြင့် ထင်ပေါ်လာ တတ်၏။ အာနာပါနကမ္မဋ္ဌာန်းသည် ဘာဝနာတစ်မျိုးတည်း၊ ကမ္မဋ္ဌာန်း တစ်မျိုးတည်း ဖြစ်ပါသော်လည်း ဘာဝနာရှုသူ အမျိုးမျိုးတို့၏ မှတ်သာမှုသညာ ကွဲပြားကြခြင်းကြောင့် နိမိတ်အမျိုးမျိုး ထင်လာခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး၌ပင်လျှင် တစ်ချိန်မှတစ်ချိန် မှတ်သားမှုသညာ ပြောင်းလဲသွားခြင်းကြောင့် ပဋိဘာဂနိမိတ်၏ အသွင် သဏ္ဌာန် ပြောင်းလဲသွားနိုင်သည်။ နိမိတ်တစ်ခုမှ နိမိတ်တစ်ခုသို့ ပြောင်းလဲသွားမှုသည် နောက်ထပ် ပြောင်းလဲသွားသော နိမိတ်မပေါ်မီ ဖြစ်ပေါ်သွားသည့် ဘာဝနာသညာ၏ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ ယေဘုယျအားဖြင့် သန့်စင်သည့် ၀ါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေသော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်၏။ ဤနိမိတ်သည် ဖန်မှန်ကဲ့သို့ မကြည်ပါ။ ဤနိမိတ်သည် ဆွတ်ဆွတ်ဖြူနေရာမှ ကြည်လင်တောက်ပလာသော နိမိတ် အဖြစ်သို့ ပြောင်းလဲသွာလျှင် ပဋိဘာဂနိမိတ် ထင်ပေါ်လာသည်ဟု ဆို၏။ ပဋိဘာဂနိမိတ်သည် သောက်ရှူးကြယ် ကဲ့သို့ ကြည်လင်တောက်ပနေသော ဖန်တုံးကဲ့သို့ အသွင် ရှိ၏။ အာနာပါနဿတိနိမိတ်သည် ပတ္တမြားလုံးကဲ့သို့ ထင်လာလျှင် မကြည်လင်သည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ဥဂ္ဂဟနိမိတ် ဖြစ်၏။ ကြည်လင်တောက်ပသည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ကျန်သည့် နိမိတ်များ၌လည်း ယောဂီသည် အလားတူ သိနားလည်ရမည်။ အာနာပါနဿတိနိမိတ်သည် ရှေ့ပိုင်းအဆင့်၌လည်း ထင်ပေါ်နိုင်၏။ မျက်နှာရှေ့၌လည်း ပေါ်လာနိုင်၏။ ဤသို့သော နိမိတ်များသည် မခိုင်မြဲကြသည့်အတွက် ဤနိမိတ်တို့ကို ယောဂီအာရုံ မယူသင့်ပါ။ ပုံမှန်ဘာဝနာနိမိတ်သည် ၀င်လေထွက်လေနှင့် ထိတွေ့သော နှာသီးဖျား သို့မဟုတ် နှာသီးဝ၌ ထင်ပေါ်လာသည်။ တချို့နိမိတ် များနှာ နှာသီဖျား သို့မဟုတ် နှာသီးဝမှ အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့ သော်လည်းကောင်း ပြွန်ချောင်သဏ္ဌာန် တည်ရှိသည်။ ဤအခါမှား၌ ဘာဝနာရှုသူသည် သူ၏ ဘာဝနာစိတ်ကို အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့သော်လည်းကောင်း နိမိတ်ကို မလိုက်စေသင့်ပါ။ နှာသီးဖျား သို့မဟုတ် နှာခေါင်းဝ နှင့် အနီးကပ်ဆုံးတည်သော နိမိတ်အတွင်း ၌သာလျှင် သူ၏ ဘာဝနာစိတ်ကို နစ်မြုပ်နေစေသင့်၏။ ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍တည်လာပါက ထိုနိမိတ်သည်လည်း တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်၍ တောက်ပသည်ထက် တောက်ပလာလိမ့်မည်။ အထူး ကြည်လင်တောက်ပလာသော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ပဋိဘာဂနိမိတ် ထင်ပေါ်လာသော အချိန်မှစ၍ စိတ်အစဉ်မှ နီဝရဏခေါ် ကိလေသာများ စင်ကြယ်သွားကြပြီး ၊ နီဝရဏမှ ကြွင်းသော ကိလေသာများသည်လည်း အနည်ထိုင်သွားကြကုန်ပြီး။ စိတ်သည် ဖြူစင်သွားပြီး အာနာပါနဿတိသည် ယင်းအာနာပါနဿတိသည် ယင်းအာနာပါနဿတိ ပဋိဘာဂနိမိတ်၌ ရှေးရှုကာ ကပ်၍ တည်နေ၏။ ဤတွင် သတိမူသင့်သော အချက်တစ်ချက်ကို ညွှန်ပြလို၏။ ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့ ပေါ်လာသော အဆင့်နှစ်ဆင့်လုံး၌ နိမိတ်ခိုင်မြဲလာပြီး ၀င်လေထွက်လေနှင့် နိမိတ်တို့တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်တည်နေအောင် ကြိုးစားအားထုတ်နေသည့်အခါ နိမိတ်ကို ကြည့်လိုက် ၀င်လေထွက်လေကို ကြည့်လိုက် -ဤသို့ မပြုလုပ်ပါနှင့်။ ၀င်လေထွက်လေကို လုံးဝမကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို အပြည့်အ၀ စူးစိုက်ထားပါ။ အကယ်၍ နိမိတ်ပျောက်ပျက်သွားသော ၀င်လေထွက်လေကို ယခင်အတိုင်း တစ်ဖန်ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန်ပြန်ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော နိမိတ်သည် ခိုင်ခံ့လာ၍ ဥပစာရသမာဓိ သို့လည်းဆိုက်ရောက်လာမည်။ စင်စစ်သော်ကား မင်း၏ မိဖုရားခေါင်ကြီးသည် စကြ၀တေးမင်းလောင်း ကိုယ်ဝန်ကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း လယ်သမားများသည် အသီးအနှံ မှည့်ဝင်းနေကြသော သလေးမုယော စပါးခင်းများကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း၊ဘာဝနာရှုပွားသူသည် အာနာပါနပဋိဘာဂနိမိတ်ကို ဂရုစိုက်ကာ စောင့်ရှောက်အပ်၏။ ယောဂီသည် ထိုပဋိဘာဂနိမိတ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းရမည်။ သွား- ရပ်- ထိုင်- လျောင်း ဟူသော ဣရိယာပုထ် လေးပါလုံး၌ အဆက်မပြတ် စွမ်းအားရှိသမျှ နှလုံးသွင်း ရှုပွားနေရမည်။ ထိုသို့ နှလုံးသွင်းရှုပွားခြင်းဖြင့် ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ ဣနြေ္ဒငါးပါးတို့ ညီမျှအောင် သိဖြင့် ချုပ်ထိန်းရမည်။ အထူးသဖြင့် ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်ပေးရမည်။ ယောဂီသည် ဗောဇ္ဈင်တရား (၇) ပါးကိုလည်း ညီမျှအောင် ပွားရပေမည်။ လုံ့လ၀ီရိယ အလွန့်အလွန် လျော့နည်းနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသည့် ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်၍ စိတ်ဓါတ်ကျဆင်းနေသောအခါ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ဝီရိယသမ္ဗောဇ္ဈင် နှင့် ပီတိသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင်တရားသုံးပါး ကို ပွားများပေးရမည်။ ဤသို့ ပွားခြင်းဖြင့် စိတ်ဓါတ်ကို ချီးမြှောက်နိုင်၏ ၊ ကျဆင်းနေသော စိတ်ဓါတ်ကို မြင့်တင်ပေးနိုင်၏။ တစ်ဖန်တုံလည်း အပြင်းအထန်ကြိုးစားသဖြင့် ၀ီရိယလွန်ကဲခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ပျံ့လွင့်နေ၏။ ထိုအခါမျိုး၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တရားသုံးပါးကို ပွားများခြင်းဖြင့် တုန်လှုပ်ပျံ့လွင့်နေသောစိတ်ကို နှိပ်ကွပ်ပေးနိုငိ၏။ ဤအရာ၌ သမထပိုင်းဝယ် -
(၁) အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထွင်းဖေါက်သိမြင်ခြင်း သဘောကားဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊
(၂) ထိုသို့ ထွင်းဖေါက်သိမြင်အောင် ကြိုးစားအားထုတ်နေခြင်း သဘောကား ၀ီရိယသမ္ဗောဇ္ဈင်၊
(၃) ယင်းအာရုံကို နှစ်သက်နေခြင်း သဘောကား ပီတိ သမ္ဗောဇ္ဈင်၊
(၄) ယင်းအာရုံကိုပင် အာရုံပြုကာ စိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်းသဘောကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
(၅) ယင်းအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်ပြီး တည်ကြည်နေခြင်းသဘောကား သမာဓိသမ္ဗောဇ္ဈင်၊
(၆) ယင်းအာရုံပေါ်၌ ကြောင့်ကြမှု တောင့်တမှုမရှိဘဲ စိတ်ကို အညီအမျှ အလယ်အလတ်သဘော လျစ်လျှူထားနိုင်းခြင်း သဘောကား ဥပေက္ခာသမ္ဗောဇ္ဈင် တို့ဖြစ်ကြ၏။
ဓမ္မ၀ိစယ, ၀ီရိယ, ပီတိသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု၊ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု ဖြစ်ကြ၏ ။ ယင်းအုပ်စုနှစ်ခုတို့ ညီမျှအောင် သတိသမ္ဗောဇ္ဈင် တရားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရ၏ ။
အာနာပါန ပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရကာ အထပ်ထပ် အဖန်ဖန် သိမ်းဆည်းနေသော သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏ ။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ထို့ကြောင့် သတိကို သဗ္ဗတ္ထိက - အခါခပ်သိမ်းအလိုရှိအပ်၏။ အုပ်စုနှစ်ဖက်လုံးတို့၌ အလိုရှိအပ်၏ ဟု ဆိုလိုသည်။ ဘာဝနာရှုသူသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိထူထောင်နိုင်လာသောအခါ နိမိတ်သည် အထူးကြည်လင်တောက်ပလာပြီး ရှုပါ ၀စရပထမဈာန်သို့ ရောက်၏ ။ ဈာန်မှထ၍ ဘ၀င်စိတ်ခေါ် မနောအကြည်တည်ရာ နှလုံးအိမ်အတွင်း ဟဒယ၀တ္ထုဆီသို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယ၀တ္ထုကို မှီ၍ ဖြစ်နေသော ဘ၀င်စိတ်ခေါ် မနောဒွါရ၌ ထင်နေသည့် အာနာပါန ပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်သည်။ ထို့နောက် ယောဂီသည် သမာဓိပို၍ပို၍ မြင့်မားလာရန် ပဋိဘာဂနိမိတ်၌ သတိကိုကပ်၍ ရှုပွားရမည်။ ပြီးလျှင် မနောအကြည်နှင့် ပဋိဘာဂနိမိတ်တို့ကို ပြိုင်တူအာရုံယူ၍ ပဋိဘာဂနိမိတ်ကို အာရုံပြုနေကြသည့် ဈာန်အင်္ဂါများကို ဆင်ခြင်ရမည်။ ဈာန်အင်္ဂါများကို အခက်အခဲများစွာ မရှိဘဲ မိမိ၏ ဉာဏ်ဖြင့် တဖြည်းဖြည်း ပိုင်းခြားသိမြင်လာလိမ့်မည်။
ဒေါက်တာမင်းတင်မွန် ၏ “သမထဘာဝနာ၌ အောင်မြင်ပေါက်ရောက်ခြင်း” စာအုပ်မှ-

အပြည့်အစုံသို့...

Tuesday, April 14, 2009

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်

ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင့်ဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း, အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက်ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓါနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင်လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေး မရမီက ချစ်တီးကုလား သူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်အဖြစ်ခံခဲ့ကြရသည်ကို ဆင်ခြင်အောက်မေ့သင်ကြပါသည်။ သာရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ် ဖြစ်သည်ကို သဘောပေါက်ထားသင့်ပါသည်။


၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကိုခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။
၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်းဖြစ်သည်။
ရှင်ပြုခြင်းက ပဓါန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ရှင်သာမဏေအဖြစ်သို့ တင်မြှောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များ နှင့်အညီ လေးလေးစားစား မနေထိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။ ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက် မြောာက်ရနအတွက်-
(၁) ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ ဩ၀ါဒခံယူခြင်း၊
(၂) သင်္ကန်းတောင်း၊ လိင်ဒဏ်၊ သေခိယ၊ ပစ္စဝေက္ခဏာ၊ ခန္ဓက၀တ် တို့ကို သင်ယူပြီး သရဏဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊
(၃) သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ တို့ကို ဓမ္မကံနှင့် လျော်ညီအောင် ၀ယ်ခြမ်း စီမံထားခြင်း
တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်သည်။ သင်္ကန်းပရိက္ခရာ ၀ယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်ပါသည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓါနလိုအပ်ပါသည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်ပါသည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏ၀တ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏-
“သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထိုလူကြီးလူကောင်းတို့သည် ထိုကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်က ဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်) သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ) အလုပ်ကိစ္စတန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေးရာ၌ ကုန်သော ငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာနှင့် မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော (ပကာသနအကုသိုလ် လောဘစိတ် ကလေး) ပါလိုက်ချေသေး၏။“ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်းများစွာကိုပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ် ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့လည်း စာသင် ပျက်ကြရ၏။ သို့ဖြစ်၍ ရာပေါင်းထောင်သောင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနားသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာရောက်တော့မည်နည်း။ “အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ထား၏။ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုငိး ဖြစ်မလာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏ ။ “ပရိတ်ရွတ်တာကိုလည်း စိတ်မ၀င်စားနိုင်၊ ဟောပြောသောတရား ကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့၏။ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့” လို့ နှုတ်က ထွက်သွားရှာသတဲ့။”
အမတ်ကြီးဦးပေါ်ဦးကလည်း “ယမမင်းထံ အစစ်ခံသံပေါက်” ထဲတွင် သားရှင်ပြုအလှူနှင့်ပတ်သက်၍ ဤသို့ကောက်ချက်ချပြထား၏-
၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခံတယ်။
၂။ ကွမ်း, ဆေး, လက်ဖက်၊ ဆီစက်စက်၊ ၀တ်နှင့် ကြက်သား ကျွေးခဲ့တယ်။
၃။ သည်ကိုဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။
၎။ ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ မျှော်မိတယ်။
၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှဝယ်လှူတယ်။
ပဓါနဖြစ်သည့်ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ၀တ်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူ တို့ကလည်း အလှူရက်ရောက်မှ ၀က်ကြက်တို့ကို လောလောလတ်လတ်သတ်ဖြတ်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿက အလှူမျိုးဖြစ်သည်။ အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ, မုဉ္စ, ပရဟူသော စေတနာသုံးတန် အင်္ဂါ မစုံလင်သည့်အတွက် အလှူ အကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘ၀၌ပင် ကြွေးတင်ကျွန် ဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့် အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ် အလာသစ်ကို ထူထောင်သင့်ကြပါသတည်း။ ”
ဒေါက်တာမင်းတင်မွန် “မြတ်ဒါန” စာအုပ်မှ-

အပြည့်အစုံသို့...

Monday, April 6, 2009

ဘာကြောင့် ဘာဝနာကိုပွားများအားထုတ်သင့်သလဲ(၂)

စိတ်ဟာ အလွန်လျင်မြန်တယ်၊ လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်၊ မျက်စီတစ်မှိတ်ကာလအတွင်းမှာပဲ စိတ်ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်လို့ အဘိဓမ္မာမှာ ဆိုထားတယ်။ ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်။ ထက်မြက်တဲ့ ကုသိုလ်စိတ်တစ်ခုစီင်္က ကုသိုလ်ကံမျိုးစေ့တစ်ခုကို ချန်ရစ်ခဲ့ပြီး ကုသိုလ်ကံမျိုးစေ့ တစ်ခုစီက ကောင်းမြတ်တဲ့ လူ့ဘ၀ သို့မဟုတ် နတ်ဘ၀တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် ဘာဝနာ ရှုပွားတဲ့ အကျိုးကျေးဇူးဟာ အလွန့်အလွန် ကြီးမားပါတယ်။ ဘာဝနာမရှုတဲ့အချိန်တွေမှာ ဘာစိတ်တွေ အဖြစ်များမယ်ထင် သလဲ။ အကုသိုလ်စိတ်တွေ အဖြစ်များလိမ့်မယ်။
ပါပသ္မိံ ရမတေ မနော ” (ဓမ္မပဒပါဠိတော်)
မနော၊ စိတ်မည်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏တဲ့။
သွန်းလောင်းလိုက်တဲ့ ရေဟာ နိမ့်ရာဘက်သို့ စီးသွားမြဲ ဓမ္မတာအတိုင်း အထိန်းအကွပ်မရှိတဲ့စိတ်ဟာ မကောင်းမှုတွေမှာသာ လှည့်လည်ကျက်စားနေလေ့ရှိတယ်။
ဘာကြောင့်လဲ။

ပုထုဇဉ်သတ္တ၀ါတွေ သံသရာကျင်လည်နေကြတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက စိတ်ကို အပိုင်စီးထား လို့ပါပဲ။ လောဘက ကာမဂုဏ်အာရုံတွေကို နှစ်သက်တော့ စိတ်ကို ကာမဂုဏ်အာရုံတွေမှာ ကျက်စားစေတယ်။ စိတ်ကို အလွတ် ထားလိုက်တာနဲ့ တစ်ပြိုင်နက် လောဘရဲ့ ခြယ်လှယ်မှုကြောင့် ရုပ်ရှင်ရုံ၊ လက်ဖက်ရည်ဆိုင်၊ အ၀တ်ကောင်း၊ အစားကောင်း စတဲ့ ကာမဂုဏ်အာရုံတွေအကြောင်းကို တွေးတောတော့တာပဲ။ ကာမဂုဏ် အာရုံတွေနဲ့ ဆုံတွေ့လို့  နှစ်သက်သဘောကျနေတဲ့ အခါမှာလည်း လောဘစိတ်တွေ ဖြစ်နေကြတာပဲ။ မကောင်းတဲ့ အာရုံ၊ အလိုမကျတဲ့ အာရုံတွေနဲ့ ဆုံတွေ့တဲ့အခါ စိတ်ဆိုးစိတ်ပျက် သွားတာက ဒေါသစိတ်ဖြစ်သွားလို့ပါပဲ။ တွေဝေ မေ့လျော့နေတဲ့အခါ၊ စိတ်ပျံ့လွင့်နေတဲ့အခါ များမှာတော့ မောဟစိတ်ဖြစ်တယ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ် တို့က အကုသိုလ်စိတ်လို့ အမည်ရကြပါတယ်။ သည်စိတ်တွေက အကုသိုလ်ကံမျိုးစေ့ကို ချန်ရစ်ပြီး အပါယ်ဘ၀စတဲ့ မကောင်းကျိုးကို ပေးပါတယ်။ ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော်ဖြစ်နိုင်သလို ဘာဝနာမပွား မရှုပွားပဲ မေ့လျော့နေတဲ့ စက္ကန့်တိုင်းမှာ အကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်ပွားနိုင်ပါတယ်။ ကုသိုလ်စိတ်တွေက အေးမြချမ်းသာပြီး အကုသိုလ်စိတ်က ပူလောင်ဆင်းရဲပါတယ်။ ကုသိုလ်ကံဟာ လူနတ်ဘ၀စတဲ့ သုဂတိအကျိုးကို ပေးပြီး အကုသိုလ်ကံကတော့ အပါယ်ဘ၀စတဲ့ ဒုဂ္ဂတိအကျိုးကို ပေးပါတယ်။ ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ အကျိုးက မိုးနဲ့မြေ ထက်မကကွာဟနေကြသလို ဘာဝနာရှု ပွားခြင်းနဲ့ မေ့လျော့နေခြင်း တို့ကလည်း မိုးနဲ့မြေမက ကွာဟနေပေတယ်။ သည်လိုဆိုရင် ဘာဝနာမရှုပွားသင့်ဘူးလား လို့မေးစရာမလိုအောင်ပဲ အကျိုးပေး ကွာဟလွန်းလို့ ပွားများထိုက်ပါတယ်။အကျိုးအမြတ် များဆုံးအလုပ်လဲဖြစ်ပါတယ်။ အကျိုးအမြတ်များတဲ့ အလုပ်ကို လူတိုင်းလုပ်ချင်ကြပါတယ်။ ကျပ်တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း မြတ်မယ့်အလုပ်မျိုးဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း၊ ဘယ်လောက်ပဲ စွန့်စားရ စွန်းစားရ လုပ်ကိုင် လိုကြပါတယ်။ အဲသည်အလုပ်တွေထက် ပိုအမြတ်များတဲ့ ဘာဝနာရှုပွားခြင်းကို တော့ အကျိုးအမြတ်များမှန်းမသိလို့ မရှုပွားလိုကြဘူး။ “ဝေဘူဆရာတော်ဘုရား” က တရားပွဲတစ်ပွဲမှာ လောကဥပမာနဲ့ ဘာဝနာအကျိုးကို သည်လို ညွှန်ပြ တော်မူပါတယ်။
“ဒကာကြီး- တရားပွဲပြီးလို့ ပြန်သွားတဲ့အခါမှာ လမ်းမှာ ငွေကျပ်တစ်ထောင်အထုပ်တစ်ထုပ်ကို မြင်ရင် ဘာလုပ်မလဲ”
“ကောက်ယူမယ်ဘုရား”
“နောက် ကျပ်တစ်ထောင် အထုပ်တစ်ခု တွေ့ရင်ကော”
“ကောက်ယူဦးမယ်ဘုရား”
“နောက်တစ်ထုပ် တွေ့ပြန်ရင်ကော”
“ကောက်ယူဦးမှာပဲဘုရား”
“အဲသလို ကျပ်တစ်ထောင်အထုပ်တွေ ဒကာကြီး ဘယ်နှထုပ်လိုချင်သလဲ”
“ရသလောက် အများကြီးလိုချင်ပါတယ်”
“လိုချင်ရင် ဘုန်းကြီးနည်းပေးမယ်၊ ဒကာကြီး အိမ်ပြန်ရောက်ရင် ဘုရားစင်ရှေ့ထိုင်ပါ။ ဘုရားဂုဏ်တော်ကို အာရုံပြုပြီး ဦးချပါ။ တစ်ကြိမ်ဦးချရင် ကျပ်တစ်ထောင်ထုပ်တစ်ထုပ်ရပြီး။ နှစ်ကြိမ်ဦးချရင် နှစ်ထုပ်ရပြီး။ ဒကာကြီး အထုပ်တစ်ထောင်လိုချင်ရင် အကြိမ်တစ်ထောင်ဦးချပေါ့၊ မရပေဘူးလား”
“ရပါတယ်ဘုရား”
ငွေနဲ ချိန်ထိုးပြလိုက်တော့ လွယ်လွယ်သဘောပေါက်သွားတယ်။ အမှန်က ဘုရားဂုဏ်တော်ကို အာရုံပြုပြီး တစ်ကြိမ်ဦးချနေတဲ့အချိန်မှာ မဟာကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွာလို့ ကုသိုလ်ကံမျိုးစေ့တွေလည်း ကုဋေ တစ်သိန်းကျော်ဖြစ်သွားတာပါပဲ။
ဧကံစိတ္တံ ဧကံပဋိသန္ဓိံ ဒေတိ
တစ်ခုသောစိတ်သည် တစ်ခုသော ပဋိသန္ဓေကိုပေး၏။
ဆိုလိုတာက သရက်စေ့တစ်စေ့ကနေ သရက်ပင်တစ်ပင် ပေါက်လာသလို တမာစေ့တစ်စေ့ကနေ တမာပင် တစ်ပင်ပေါက်လာသလို ကုသိုလ်ကံမျိုးစေ့ တစ်ခုကနေပြိး လူ့ဘ၀ နတ်ဘ၀ဆိုတဲ့ သုဂတိဘ၀ တစ်ဘ၀ဖြစ်လာ နိုင်သလို အကုသိုလ်ကံမျိုးစေ့တစ်ခုကနေပြီး ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်ဘ၀တစ်ဘ၀ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားကို တစ်ကြိမ်ရှိခိုးတဲ့အချိန်မှာ ကုသိုလ်ကံမျိုးစေ့ ကုဋေတစ်သိန်းကျော် ဖြစ်တာမို့ လောက ဥပမာ ငွေ ကျပ်တစ်ထောင်ထက် အဆပေါင်းကုဋေကုဋာမက ပိုတန်ဖိုးရှိတာပေါ့၊ ဘုရားဂုဏ်တော်များကို နှလုံးသွင်းပြီး ဘုရားရှိခိုးတာ “ဗုဒ္ဓါနုဿတိဘာဝနာ” ကို ခေတ္တပွားများတာပါပဲ။ တရားဂုဏ်တော်ကို နှလုံးသွင်းပြီး ရှိခိုးတာဟာ “ဓမ္မာနုဿတိဘာဝနာ”ကို
ခေတ္တပွားများတာပါပဲ။ သံဃာဂုဏ်တော်ကို နှလုံးသွင်းပြီး ရှိခိုးတာဟာ “သံဃာနုဿတိဘာဝနာ” ကို ခေတ္တပွားများတာပါပဲ။ သတ္တ၀ါများချမ်းသာပါစေလို့ မေတ္တာပို့လိုက်တာဟာ “မေတ္တာဘာဝနာ” ခေတ္တမျှ ပွားများလိုက်တပါပဲ။မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ မေတ္တာဈာန်ဝင်စားနိုင်မှ မေတ္တာအစွမ်းထက်မြက်တယ်၊ မေတ္တာဈာန်ဖြင့် နွားနို့တစ်ညှစ်စာ မေတ္တာပွားပို့လျှင် တစ်နေ့အိုး ၃၀၀ ဆွမ်းချက်လှူတာထက် ပိုအကျိုးအမြတ်ကြီးတယ်လို့ မိန့်ထားပါတယ်။မဟာစည်ဆရာတော် ဘုရားကြီးက ဤသို့ဖွဲ့ဆိုထားပါသည်-
တစ်နေ့သုံးခါ အိုးတစ်ရာနှင့် ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း
တစ်ခဏကလေးမျှ ဘာဝနာပွားလိုက်ရင်ပဲ ငွေကျပ် ကုဋေပေါင်းများစွာ တန်ဖိုးရှိရင် ၁-နာရီ၊ ၂- နာရီ ဘာဝနာပွားများတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေဟာ ဘယ်တန်ဖိုးဖြတ်နိုင်ပါတော့မလဲ။ ဘာဝနာရှုပွားတဲ့အတွက် ငွေတစ်ပြားတစ်ချပ်မှလည်း ကုန်ကျစရာမလိုဘူး။ ဒါနပြုပြီးတော့ ကုသိုလ်ယူမယ်ဆိုရင်လဲ အဲဒီလှူဒါနရဲ့ ဂုဏ်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်နှလုံးသွင်း တာကို “စာဂနုဿတိဘာဝနာ” ပွားများတယ်လိုခေါ်ပါတယ်။ အဲသလို ပွားများတဲ့အတွက် စက္ကန့်တိုင်း စက္ကန့်တိုင်း မဟာကုသိုလ် စိတ်တွေ ကုဋေတစ်သိန်းကျော် ကုဋေတစ်သိန်းကျော် ထပ်ထပ် ဖြစ်သွားတယ်။ ဒါကြောင့် ဘာဝနာပွားများတာက ဒါန ပြုတာထက် အဆပေါင်းများစွာ ပိုအကျိုးကြီးမားပါတယ်။ မိမိစောင့်ထိန်းထားတဲ့ သီလကို ကျူးလွန်ဖို့ အခွင့်ကြုံလိုက်တဲ့ အခါရှောင်ကြဉ်လိုက်ခြင်းကို ဆိုပါတယ် ။ အဲသလို တစ်ကြိမ်တစ်ကြိမ် ရှောင်ကြဉ်ခိုက်မှာ ဖြစ်ပေါ်တဲ့ မဟာကုသိုလ်စိတ်လေးကို ပြန်လည်ပြီး အဖန်ဖန်ပွားများဆင်ခြင်နှလုံးသွင်း လိုက်မယ်ဆိုရင် “သီလနုဿတိဘာဝနာ” ရှုပွားတယ် လို့ ဆိုပါတယ်။ အဲသလို ရှုပွားနိုင်ရင် စက္ကန့်တိုင်း စက္ကန့်တိုင်း မဟာကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ကုဋေတစ်သိန်းကျော် ဖြစ်ဖြစ်နေတာမို့ အကျိုးအမြတ်ကြီးများတဲ့အတွက် ဘာဝနာကို ပွားများသင့်ပါတယ်။ ပြီးတော့ ဘာဝနာပွားများခြင်းသည် သီလစောင့်တာထက်လည်း အဆပေါင်းများစွာ ပိုအကျိုးကြီးမားပါတယ်။ ဒါကြောင့် “လောကမှာ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘဲ အကျိုးအမြတ်အကြီးဆုံးအလုပ်က ဘာဝနာအလုပ်ပါပဲ”။ ဒါကြောင့် ဘာဝနာကို ပွားများသင့်ပါတယ်။ အသိပညာယှဉ်ပြီး လုပ်ဖို့သာလိုပါတယ်။ အချိန်မရွေး နေရာမရွေး လုပ်နိုင်တယ်။ လယ်ယာအလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ ရောင်းဝယ်ရေးအလုပ်တွေ ၊ လျောင်း၊ ထိုင်၊ ရပ်၊ သွား အရိယပုဒ် ၄ ပါး တိုင်းမှာ ပွားများနိုင်တာမို့ ဘာဝနာကို ပွားများသင့်ပါတယ်။ ဘာဝနာ အလုပ်ကရတဲ့ အကျိုးအမြတ်ကို လက်ရှိတစ်ဘ၀သာမက ကုဋေကုဋာ ကမ္ဘာအနန္တ ဆက်လက်ခံစားသွားနိုင်ပါတယ်။ ဒါကြောင့် ဘာဝနာကို ပွားများသင့်ပါတယ်။စိတ်ရူးစိတ်မိုက်၊ စိတ်လေစိတ်လွင့်တို့ကို သီလ၊ ဘာဝနာတို့ နဲ့ ဆုံးမရပါတယ်။ သီလနဲ့ ဆုံးမရင် ဒုစရိုက်ကျူးလွန်ဝံ့တဲ့အထိ သောင်းကျန်းမိုက်မဲနေတဲ့ ကိလေသာတွေကို နှိမ်နင်းနိုင်တယ်။ ဘာဝနာနဲ့ ဆုံးမရင် နိုးကြားထကြွလာကြတဲ့ ပရိယုဋ္ဌာန ကိလေသာတွေကိုပါ ချိုးနှိမ်ထားနိုင်တယ်။
အလွန်နှိမ်နင်းနိုင်ခဲသော လျင်မြန်စွာ ဖြစ်ချုပ်ခြင်းရှိထသော အလိုရှိရာ အာရုံ၌ ကျတတ်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမ ခြင်းသည် ကောင်းမြတ်လှ၏။ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ဆောင်တတ်၏
(ဓမ္မပဒ၊ စိတ္တ၀ဂ်၊ ဂါထာ ၃၅ )
ယောစ၀ဿ သတံင်္ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ကောဟံဇီဝိတံသေယျော၊ သီလ၀န္တဿဈာယိနော။
သီလသမာဓိ မရှိဘဲ အနှစ်တစ်ရာ ပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည် မြတ်၏ ။

Better than a hundred years of uncontrolled existence is one day of thoughful and meditative life.

သီလသမာဓိ၊ မရှိချည်းနှီး၊ အသက်ကြီးလာ၊ နှစ်တစ်ရာထက်၊ တစ်ရက်တာမျှ၊ သမထနှင့် ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ် တစ်ရက်တာမျှ၊ သမထနှင့် ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ်သူ၊ မြတ်သောဟူ၏ ။ ” (သဟဿဝဂ်၊ သံကိစ္စသာမဏေရ၀တ္ထု)
၎င်း ၎င်း တို့ကြောင့်လဲ ဘာဝနာ၊ သမထ ၀ိပဿနာတို့ကို ပွားများအားထုတ်သင့်ပါသည်။
ဒေါက်တာမင်းတင်မွန်၏ မြတ်ဘာဝနာ စာအုပ်မှ-

အပြည့်အစုံသို့...

 
Template design by Amanda @ Blogger Buster