ပရမတ်သဘောသည် အမှန်ရှိသော သဘောဖြစ်၏။ ထိုအမှန်ရှိသည့် သဘောကသာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်၏။။ ထိုအမှန်ရှိ သည့် သဘောကို “တရားကို” ဟုလည်းခေါ်၏။
ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ
သံဝရောသီလံ အ၀ီတိက္ကမောသီလန္တိ။ (ပဋိသမ္တိဒါမဂ်)
အဘယ်သဘောတရားသည် သီလ မည်သသနည်း။
စေတနာသည် သီလမည်၏၊ ။
စေတသိပ်တို့သည် သီလမည်၏ ။
ပိတ်ဆို့စောင့်စည်းခြင်း- သံဝရသည် သီလမည်၏ ။
မလွန်ကျူးခြင်း- အ၀ီတိက္ကမသည် သီလမည်၏ ။
၁။ စေတနာသီလ
“သဗ္ဗပါပဿအကရဏံ= မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ” ဟု ဩ၀ါဒ ပါတိမောက်တွင် လာရှိသည့်အတိုင်း မကောင်းမှုတို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူ့သားမယားကို ပြစ်မှားခြင်း၊ မမှန်သော စကားကို ပြောခြင်း၊ စသော ဒုစရိုက်ဆယ်ပါးဖြစ်၏။ ထိုဒုစရိုက်တို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သော သူ၏ ကုသိုလ်စေတနာကို သီလ ဟု ခေါ်သည်။ ဤသို့ ရှောင်ကြဉ်ခြင်းနှင့် ဆိုင်သော သီလကို “၀ါရိတ္တသီလ” ဟုခေါ်၏။
“ကုသလဿ ဥပသမ္ပဒါ= ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏” ဟု ဩ၀ါဒ ပါတိမောက်တွင် လာရှိသည့်အတိုင်း ကောင်းမှုတို့ သည် သုစရိုက် ဆယ်ပါး နှင့် ပုညကြိယ၀တ္ထုဆယ်ပါး တို့ ဖြစ်ကြ၏။ ထိုကောင်းမှုတို့ကို ပြည့်စုံစေခြင်း၏ အကြောင်းရင်းဖြစ်သော မိဘ၀တ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စသည့်ကျင့်ဝတ် ပဋိပတ်ကို ဖြည့်ကျင့်သော သူ၏ ကုသိုလ်စေတနာကိုလည်း သီလ ဟုခေါ်သည်။ ဤသို့ ကျင့်ခြင်း နှင့်ဆိုင်သော သီလကို “စာရိတ္တသီလ” ဟုခေါ်၏။
၂။ စေတသိက် သီလ
“စေတသိက် တို့သည် သီလ မည်၏” ဟုဆိုရာ၌ သမ္မ၀ါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ကဲသို့သော ဒုစရိုက်များကို ရှောင်ကြဉ်ခြင်း နှင့်ဆိုင်သည့် စေတသိက်တို့ကို သီလဟုခေါ် သည်။
သမ္မ၀ါစာ= ၀စီဒုစရိုက်လေးပါးကို ရှောင်ကြဉ်ခြင်း၊
သမ္မာကမ္မန္တ= ကာယဒုစရိုက်သုံးပါးကို ရှောင်ကြဉ်ခြင်း၊
သမ္မာအာဇီဝ= အသက်မွေးဝမ်းကြောင်း နှင့် ပတ်သက်၍ ၀စီ ဒုစရိုက်လေးပါးနှင့် ကာယ ဒုစရိုက်သုံးပါတို့ကိုရှောင်ကြဉ်ခြင်း။
“သစိတ္တံ ပရိယောဒပနံ = မိမိစိတ်ကို သန့်ရှင်း ဖြူစင် စေရာ၏ ” ဟု ဩ၀ါဒပါတိမောက်တွင် လာရှိသည့်အတိုင်း စိတ်ကို အဆင့် ဆင့်ဖြူစေနိုင်သော မဂ္ဂင် ရှစ်ပါး ကျင့်စဉ် တရားတွင် သမ္မာဝါစာ၊ သမ္မကမ္မ န္တ၊ သမ္မအာဇီဝ တို့သည် သီလမဂ္ဂင် များ (၀ါ) သီလ သိက္ခာဟု အမည်ရ၏။
သမ္မာဝါစာ မဂ္ဂင်သည် အသက်မွေးခြင်းနှင့် မဆက်စပ်ဘဲ မုသာဝါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ ဟူသော ၀စီဒုစရိုက် လေးပါး မှ ရှောင်ကြဉ်သည့် သီလဖြစ်၏။
သမ္မာကမ္မ န္တ မဂ္ဂင်သည် အသက်မွေးခြင်း နှင့် မဆက်စပ်ဘဲ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ ဟူသော ကာယ ဒုစရိုက် သုံးပါး မှ ရှောင်ကြဉ်သည့် သီလဖြစ်၏။
သမ္မာအာဇီဝ မဂ္ဂင်သည် အသက်မွေးခြင်း နှင့် ဆက်စပ်၍ ၀စီဒုစရိုက် ၄- ပါး နှင့် ကာယဒုစရိုက် ၃- ပါးတို့ကို ရှောင်ကြဉ်ခြင်း ဖြစ်၏။
၃။ သံဝရသီလ
မိမိသန္တာန် (၀ါ) မိမိစိတ်အတွင်းသို့ အကုသိုလ်တရားများ မ၀င်ရောက်နိုင်အောင် ပိတ်ဆို့စောင့်စည်းခြင်းကို “သံဝရ” ဟုခေါ်၏။ သံဝရသီလသည် ငါးမျိုးရှိ၏။ အကုသိုလ်တရားတို့ ဟူသည်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသော အကုသိုလ် စေတသိက် တို့တည်း။
(၁) ပါတိမောက္ခသံဝရ = ရဟန်းတို့၏ ၂၂၇ - သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းခြင်း၊ လူဝတ်ကြောင်တို့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ကို စောင့်ထိန်းခြင်း။
(၂) သတိသံဝရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣနြေ္ဒ ၆-ပါးကို အကုသိုလ်မ၀င်နိုင်စေရန် သတိဖြင့် စောင့်စည်းခြင်း။
(၃) ဉာဏသံဝရ = ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တည်းဟူသော ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ကိလေသာ မဖြစ်ပေါ် အောင် ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်း၊ ဉာဏ်ပညာဖြင့် စောင့်ထိန်းခြင်း။
(၄) ၀ီရိယသံဝရ = ကာမဂုဏ်နှင့် ပတ်သက်သော ကြံစည်မှု၊ သူတစ်ပါး ပျက်စီးအောင်ကြံစည်မှု၊ သူတစ်ပါးတို့ကို ညှဉ်းဆဲရန်
ကြံစည်မှုတို့ကို မကြံစည်မိအောင် လုံ့လစိုက်၍ စောင့်ထိန်းခြင်း၊ အထူးသဖြင့် အသက်မွေးဝမ်းကြောင်း စင်ကြယ်အောင် လုံ့လ စိုက်၍ စောင့်စည်းခြင်း။
(၅) အ၀ီတိက္ကမသီလ = ကိလေသာဟု အမည်ရသော အကုသိုလ်တရားတို့သည် သတ္တ၀ါတို့၏ သန္တာန်၌ အဆင့် သုံးဆင့်ဖြင့် တည်နေကြ၏။
၁။ အနုသယကိလေသာ - သံသရာအမွန်အစမှ ယနေ့တိုင်အောင် စိတ်အစဉ်၌ ကိန်းဝပ်လိုက်ပါပြီး ၊ လိုက်ပါဆဲဖြစ်သော ကိလေသာမျိုး ဓါတ်တို့ကို အနုသယကိလေသာ ဟုခေါ်၏။ ဤကိလေသာတို့သည် စိတ်အစဉ်၌ ဥပါဒ်- ဌိ- ဘင် အားဖြင့် အထင် အရှား ဖြစ်ပေါ်နေသည် မဟုတ်သေး၊ အကြောင်း တိုက်ဆိုက်သာလျှင် ဖြစ်ပေါ်လာရန် အသင့်ဖြစ်နေသော ကိလေသာမျိုးဓါတ်တို့ တည်း။ ဤကိလေသာတို့ကို သီလ, သမာဓိ, သိက္ခာ တို့ဖြင့် မပယ်သတ်နိုင်၊ ပညာသိက္ခာ ဖြင့်သာ ပယ်သတ်နိုင်၏။
၂။ ပရိယုဋ္ဌာနကိလေသာ- စိတ်အစဉ်၌ နိုးကြားထကြွနေကြသော ကိလေသာတို့တည်း။ ကုသိုလ်ပြုလျှင်လည်း ကုသိုလ်မဖြစ်အောင် ဈာန်မင်္ဂဖိုလ်မရအောင် တားဆီးပိတ်ဆို့တတ်သော လောဘ၊ ဒေါသ စသည့် နီဝရဏတရား တို့သည် ပရိယုဋ္ဌာန ကိလေသာများ ဖြစ်ကြ၏။ ဤကိလေသာတို့ကိုလည်း သီလဖြင့် မငြိမ်ဝပ်စေနိုင်၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ တို့ဖြင့် သာ ငြိမ်ဝပ်စေနိုင်၏။
၃။ ၀ီတိက္ကမကိလေသာ- ကာယဒုစရိုက် ၊ ၀စီဒုစရိုက်တို့ကို ကျူးလွန်စေတတ်သော အလွန်တရားကြီးထွားသောင်းကျန်းလာ ကြသည့် ကိလေသာတို့ကို ၀ီတိက္ကမကိလေသာ ဟု ခေါ်၏။ ဤကိလေသာ တို့ကို သီလသိက္ခာ ဖြင့် ထိန်းချုပ်ငြိမ်ဝပ်စေနိုင်၏။
ဝီတိက္ကမကိလေသာ တို့ ကြီးထွားသောင်းကျန်းသဖြင့် ကာယဒုစရိုက် ၃- ပါး၊ ၀စီဒုစရိုက် ၄ - ပါးတို့ကို မလွန်ကျူးမိအောင် စောင့်ထိန်းအပ်သည့်သီလသည် အ၀ီတိက္ကမသီလ ဖြစ်၏။ ထို့ကြောင့် အ၀ီတိက္ကမသီလသည် ကိုယ်နှုတ်တို့ဖြင့် ဒုစရိုက်မလွန်ကျူး မိအောင် စောင့်စည်းခြင်း ဖြစ်ပေ၏။
(ဒေါက်တာမင်းတင်မွန်၏ မြတ်သောသီလ စာအုပ်မှ-)
