ဝိပဿနာဘာကြောင့် အားထုတ်သင့်သလဲဆိုရင်-
၁။ ဘုရားအကြိုက်
၂။ ကိုယ့်အကြိုက်
ဘာကြောင့် ဘုရားအကြိုက်လဲလို့ ဆိုရရင် မြတ်စွာဘုရား လက်ထက်က ၀က္ကလိ ဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်။ အဲဒီ ရဟန်းဟာ မြတ်စွာဘုရားကို တစ်နေကုန် မျက်တောင်မခတ်ဘဲ ရှိခိုးပူဇော် နေတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ငါ၏ အသုဘ ခန္ဓာကိုယ်ကြီးကို ရှိခိုးနေ၍ အကျိုးမရှိ၊ ငါခိုင်းတဲ့ တရား များကိုသာ လေ့ကျင့်ရှု မှတ်ပါ ။ ငါခိုင်းတဲ့ တရားများကို မလေ့ကျင့်ဘဲ ငါ့အနီးနားမှာ တစ်နေကုန် ရှိခိုးနေရင် ငါနဲ့ နီးနေပေမယ့်၊ အနန္တစကြ၀ဠာ အပြင်ဘက်ရောက်နေသလိုပါဘဲ။ ငါခိုင်းတဲ့တရား များကို လေ့ကျင့်ရှုမှတ်နေရင်တော့ အနန္တစကြ၀ဠာဝေးနေပါစေ၊ ငါ့အနီးနားမှာ ပူဇော်ရာ ရောက်ပေတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရဟန်းက မလေ့ကျင့်တံအတွက် ဘုရားရှင် က ကျောင်းတိုက်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားရှင်၏ အလိုတော်ကျသည် ရှိခိုးနေရုံ မျှ မနှစ်သက်ဘဲ တရားတော်များအား လေ့ကျင့်ရှု မှတ်ခြင်းကို သာစေခိုင်းခဲ့ခြင်း ဖြစ်တယ်။
ဒုတိယဥပမာ ကိုပြောရမယ်ဆိုရင် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ပေါဋ္ဌိလ ဆိုတဲ့ မထေရ်ကြီး တစ်ပါးဟာလည်း လွန်ခဲ့သော် ဘုရား(၇) ဆူ လက်ထက်ကတည်းက ပိဋကတ် သုံးပုံ အာဂုံဆောင်ပြီး တပည့်ရဟန်း (၅၀၀) စီရှိသော ဂိုဏ်းကြီး (၁၈) ဂိုဏ်းကို စာပေ ပို့ချသင်ကြားပေးနေပြီး ကိုယ်တိုင် မကျင့်ခဲ့ပါဘူး။ ဒါကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မမြင်မသိတဲ့အတွက် ဂေါတမမြတ်စွာဘုရား က “တုစ္ဆပေါဋ္ဌိလ” ဟု ကဲ့ရဲ့ တော်မူခဲ့ပါတယ်။ “တုစ္ဆ” ဆိုတာ အချည်းနှီး၊ သိမ်ဖျင်း၊ ညံ့ဖျင်း တယ် ဆိုတော့ ပေါဋ္ဌိလကြီးဟာ အလွန်ရှက်သွားပြီး တောကျောင်းတစ်ခု၌ (၇) နှစ်အရွယ် ရဟန္တာသာမဏေ ငယ်ထံမှာ ကမ္မဋ္ဌာန်းတရားများကို သူရဲ့ စာမာန် (မာန) တွေချပြီး သင်ယူအားထုတ်တဲ့အခါမှာ ရဟန္တာကြီး ဖြစ်သွားခဲ့ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့်လည်း ဘုရားရှင်၏ အလိုတော်ကျသည် စာတတ်နေရုံဖြင့်လမ်းမဆုံးဘဲ ကိုယ်တိုင် ခန္ဓာမှာ တရားကျင့်ပြီး သိမြင်ရန်ကို သာ နှစ်သက်တော်မူပေသည်။ ဒါဟာ ဘုရားအကြိုက် ဥပမာနှစ်ခုဘဲ ဖြစ်ပါတယ်။ အခုခေတ်မှာ ပန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်တွေနဲ့ ပူဇော် နေကြတာဟာ သဒ္ဓါတရားထက်သန်လို့ ပူဇော်တာ ကုသိုလ်ရစေပါတယ်။ ဘုရားကြိုက်တယ်လို့ ဘယ်သုတ္တန်ကမှလဲ မဟောထားပါဘူး။ ဘုရားအကြိုက် တကယ်ပူဇော်ချင်ရင် ၀ိပဿနာနဲ့ ပူဇော်ခြင်း သည်သာ ဘုရားရှင်အနှစ်သက်ဆုံး ဖြစ်ပါတယ်။ ကိုယ့်အကြိုက်ကို ပြောရမယ်ဆိုရင် ဒါန၊ သီလ၊ သမထ၊ ဘာဝနာ တွေဟာ တခြား ဘာသာတွေမှာလည်းရှိတယ်။ သာသနာပမှာလည်းရှိပြီး ၀ိပဿနာ ဘာဝနာ ကတော့ ကျွန်တော်တို့ ဗုဒ္ဓသာသနာမှာပဲရှိ တဲ့အတွက်ကတစ်ကြောင်း၊ ၀ိပဿနာဟာ သံသရာ ပြတ်စေတဲ့ ဉာဏ်လမ်းကြောင်းဖြစ်ပြီး ဒါန၊ သီလ၊ သမထဘာဝနာ ကျတော့ ကံလမ်း ကြောင်းဖြစ်တဲ့အတွက် အကျိုးပေးရှိလျှင် ရှိသလောက် အကျိုးပေးနိုင်ပြီး၊ အကျိုးပေးပြီးလျှင် ကုန်ကုန် သွား၍ မိမိအိတ်ကပ် ထဲက ပိုက်ဆံလိုပါဘဲ၊ သုံးလေကုန်လေ၊ အောက်သို့ ပြန်ဆင်းကြရမှာ ဖြစ်ပါတယ်။
ဥပမာ။ ။ ခဲ တစ်လုံးကို ကောင်ကင်းကို ပစ်ထုတ်လိုက်မယ် ဆိုပါဆို့ ခဲလုံးလေးဟာ ကောင်းကင်း ထဲကို လွင့်ထွက်သွားပေမယ် ပြန်ကျလာသလိုပါပဲ… ဒါန၊ သီလ၊ သမထ၊ ဆိုတဲ့ ကုသိုလ်အား နဲ့ ပစ်လွတ်မယ်ဆိုရင် ဤမြေပြင်ကို အချိန်မရွေးပြန်ကျလာနိုင်ပါတယ်၊ ပစ်ထုတ်လိုက်တဲ့ ကုသိုလ် အားအလျှောက် ကောင်းကင်ထဲမှာ လွင့်တတ်နေနိုင်ပေမယ့် ကုသိုလ် အားတွေ ကုန်ဆုံးသွားရင် မြေပြင်ကို ပြန်ဆင်းသက်ရပါလိမ့် ။ ကမ္ဘာမြေဆွဲအား ဆိုတဲ့ အပါယ်လေးဘုံ ဌာနက ပြန်လည် ဆွဲငင် နိုင်ပါသေးတယ။် ဒါကြောင့် အပါယ်လေးဘုံ ဖြစ်တဲ့ ကမ္ဘာမြေဆွဲအားက လွတ်ထွက်နိုင်ဖို့ အတွက် ၀ိပဿဘာဝနာ ဆိုတဲ့ပစ်ထုတ်အားနဲ့ ကမ္ဘာဆွဲအား စက်ကွင်းလွတ်အောင် ၊ အပါယ်လေးဘုံ ဌာန ကြီးက လွတ်ကင်း အောင် ၀ိပဿနာဘာဝနာကို အားထုတ်သင့်ပါတယ်။ ပညာရေးနဲ့ ကြည့်လျှင် (၁၀) တန်း မအောင် လျှင် ပညာရေးပန်းတိုင် ဖြစ်တဲ့ ဘွဲ့ရဖို့ ဝေးပါသေးတယ်။ ဒီလိုပါပဲ ဒါန၊ သီလ၊ သမထ ဆိုတဲ့ အတန်း တွေ အောင်လာပေမယ့် ၀ိပဿနာဘာဝနာ (၁၀)တန်းဆိုတာကို အောင်မြင်နိုင်ပါမှ ပန်းတိုင်လိုရာ ကို ရဖို့ ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ လောကီ (၁၀)တန်း ဆိုတာကို အောင်မြင်ပါမှ၊ လောကုတ္တရာ မှာလဲ အပါယ်လေးဘုံ၊ လည်စေနိုင်တဲ့ သံသရာစက်ကွင်းက လွတ်ထွက် နိုင်ဖို့ အတွက် ၀ိပဿနာဘာဝနာကို နိဗ္ဗာန် သို့ မျက်မှောက်ပြုနိုင်အောင် အားထုတ်သင့်ပါတယ်။ ကိုယ့်အကြိုက်ဖြစ်ပါ့မယ်။ မိမိအတွက် ထာဝရ အေးချမ်းတည်မြဲနိုင်မှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ သာသနာမှာ လူဖြစ်လာရတဲ့အတွက်-
(၁) လူဖြစ်ရကျိုး နပ်ဖို့ ၀ိပဿနာ အလုပ်ကို လုပ်ရမှာဖြစ်ပါတယ်။ ၀ိပဿနာ မလုပ်သေးရင်တော့
(၂) သာသနာနဲ့ မှီ တယ်လို့ မပြောနိုင်ပါဘူး ။ လူဖြစ်ရကျိုးလည်း မနပ်ပါဘူး၊ ဒီတော့ ၀ိပဿနာ အားထုတ်ဖို့ အထူးတိုက်တွန်း လိုပါတယ်။
ဝိပဿနာ အားထုတ်ခြင်း၏ အကျိုးတရားများကို ဖော်ပြချင်ပါသည်။ ၀ိပဿနာအားထုတ်ခြင်းဖြင့်-
(၁) ကျန်းမာရေးကောင်း၏
(၂) အနေ တတ်၏
(၃) အသေ တတ်၏
(၄) မဂ်ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုနိင်၏ ။
အပြည့်အစုံသို့...
ပြန်သိမ်းရန်..
ဝိ-၀ိဝိဓိကာ-မမြဲခြင်း-ပြောင်းလဲခြင်း အခြင်းအရာ၊ ဆင်းရဲခြင်း-ဖြစ်ပြီးလျှင် ပျက်ခြင်း အခြင်းအရာ၊ အစိုးမရခြင်း- အတ္တကောင် မဟုတ်ခြင်း အခြင်းအရာ (လက္ခဏာသုံးပါး၊အာကာရသုံးပါး) ဟူ၍လည်းကောင်း၊၀ိ- ၀ိသေသ- ပုဂ္ဂိုလ် သတ္တ၀ါ အထီးအမ အစရှိသော သာမညသဘောတို့မှ ထူးခြားသော ရုပ်နာမ်ပရမတ်တို့၏ အဆိုပါ သဘောသုံးပါး အခြင်းအရာသုံးပါးဟူ၍လည်းကောင်း” လာရှိကြပါသည်။ ပဿနာ- ဉာဏ်ဖြင့် ရုပ်နာမ်တို့အားရှူမှတ်ခြင်း၊ ဘာဝနာ- ပွားများတိုးပွားခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီဘာဝနာဆိုတဲ့ “ဘ” မှာရေးချမပါရင်တော့ “ဘ၀နာ” တဲ့သူဖြစ်သွားမှာပါ။ ဘ၀နာတယ် ဆိုတာ လူဖြစ်ပေမယ့် ဘာဝနာမပွားများနိုင်ရင် လူဖြစ်ရကျိုး မနပ်ဘဲ ဘ၀နာ သွားပါတယ်။ ဒီတော့ ဘ၀မနာချင်ရင် တရားဘာဝနာကို ရှူမှတ်အားထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို တရားဘာဝနာကို ယှဉ်တွဲသူ ရှုမှတ်သူ အားထုတ်တဲ့သူကို “ယောဂီ” လို့ခေါ်ပါတယ်။ ရောဂီ မဖြစ်ချင်ရင်တော့ တရားအားထုတ်ဖို့ လိုအပ်ပါတယ်။
တရားဘာဝနာကို ယှဉ်တွဲအားထုတ် မရှုမှတ်နိုင်တဲ့ သူတွေကိုတော့ “ယ” နဲ့ ယောတဲ့ နေရာမှာ “ရ” နဲ့ရောလိုက်တဲ့အတွက် “ရောဂီ” ဖြစ်သွားမှာပါ။ ရောဂီ ဆိုတာကတော့ အနာရောဂါ ထူထပ်ပေါများသူ၊ ကိလေသာ အညစ်အကြေးများနဲ့ ထူထပ်ပေါများသူ၊ ရပ်ကွက်ထဲမှာဆို သားနဲ့ရူး၊ မယားနဲရူး၊ ဥစ္စာနဲ့ရူးနေတဲ့ ရောဂါသည်တွေကို ရောဂီ လို့ခေါ်ပါတယ်။ ရောဂီ မဖြစ်ချင်ရင်တော့ တရားအားထုတ်ဖို့ လိုအပ်ပါတယ်။တရားထိုင် တယ်ဆိုတာကလည်း ဘုရားစင်ရှေ့မှာ ထိုင်ပြီး၊ မလှူပ်မယှက် မျက်စိမှိတ်ထိုင်နေရင် လူထိုင် တာပဲဖြစ်ပါတယ်။ တရားထိုင်တယ် လို့ မခေါ်ပါဘူး။ ၀င်လေ ထွက်လေကို စမှတ်ပြီး ရှူနေရင်လည်း သမာဓိ ထူထောင်တာဘဲ ရှိပါသေးတယ်။ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးကို မဂ္ဂင်ငါးပါးဖြစ်တဲ့ သမာဓိမဂ္ဂင် နဲ့ ပညာမဂ္ဂင် နဲ့ ရှူမှတ်ပြီး ၀ိပဿနာသတိ ကပ်လိုက်မှသာ ၀ိပဿနာတာရားထိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှူတာသည် သမာဓိ၊ ရှုတာက ဉာဏ်/ ရှူတာသည် သမထ၊ ရှူတာက ၀ိပဿနာ စသည် ဖြင့် နားလည်ဖို့လိုပါတယ်။ အဲဒီလို နေစဉ်အချိန်နာရီတွေ သတ်မှတ်ပြိး တရားထိုင်ဖို့ အချိန်နေရာမပေးနိုင်တဲ့ သူတွေကလည်း “နေ့စဉ်” ဆိုတဲ့ “နေ့” အောက်က၊ အောက်ကမြစ်ကို ဖြုတ်လိုက်ရင် “နေစဉ်” ဆိုတဲ့အချိန် (သွား၊ ရပ်၊ ထိုင်၊ လျောင်း၊ မြင်၊ စား၊ ရေချိုး၊….) စသည်ဖြင့် လုပ်ဆောင်မှုတိုင်း ၀ိပဿနာ သတိ ဖြင့် ရှူမှတ်နေရင် နေ့စဉ်လုပ်ဆောင်နေတဲ့သူထက် ပိုပြီးတရားရမှာ ဖြစ်ပါတယ်။ ၀ိပဿနာသတိ ကပ်ဖို့ ၀ိပဿနာ ရှူမှတ်တော့မယ် ဆိုရင် နယ်ကြီး နှစ်ခုကို ခွဲခြားနားလည်ရပါမယ်။ “ပညတ်-ပရမတ်နှစ်ခုစပ် သိတတ်သူမှမြတ်” ဆိုသလို ပညတ်နယ်နဲ့ ဟိုဘက်ကပရမတ်နယ် ဆိုပြီး ရှိပါတယ်။ ပညတ် ဆိုတာ လောကကြီး(၃) ပါးကို ခေါ်ဝေါ်သတ်မှတ် ထားတဲ့ မရှိတရား၊ မမှန်တရားတွေပါပဲ။ ပရမတ် ဆိုတာကတော့ သဘောတရား၊ အရှိတရား၊ အမှန်တရား တွေပါပဲ။ ပညတ်က ကိုယ်တွက်၍ ရတယ်၊ ပရမတ်က ကိုင်တွယ်၍ မရ။ ပညတ်က ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ ဇီဝသတ္တ၀ါ ရှိပြီး နေရာညွှန်ပြနိုင်တယ်။ ပရမတ်က ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ ဇီဝသတ္တ၀ါမရှိ၊ နေရာညွှန်ပြလို့မရ။ပညတ်ကသာမန်သိ၊ ပရမတ်က ဉာဏ်ဖြင့်သိ။ ပညတ်ကပုံ၊ ပရမတ်ကဂုဏ်။ ပညတ်က သဏ္ဍာန်၊ ပရမတ်က အမှန်။ ပညတ်က အကာ၊ ပရမတ်က အနှစ်။ ပညတ်က အတု၊ ပရမတ်က အစစ်။ ပညတ်ကအပူ၊ ပရမတ်က အငြိမ်း စသည်ဖြင့် သိဖို့ လိုအပ်ပါတယ်။ ပညတ်နယ်ထဲက လောကကြီး (၃) ပါးကတော့-
(၁) သတ္တလောက၊
(၂) ဩကာသလောက၊
(၃) သင်္ခါရလောက တို့ဖြစ်ပါတယ်။
သတ္တလောက ဆိုတာ သတ္တ၀ါအားလုံးကို သတ္တလောက လို့ခေါ်ပါတယ်။ ဩကာသလောက ဆိုသည်မှာ သတ္တ၀ါအားလုံး မှီတင်းနေထိုင်ရာ …. ရေ၊ မြေ၊ တော၊ တောင်၊ သမုဒ္ဒရာ ၊ ပင်လယ်၊ အိမ်၊ ကား စသည့် ဒြပ်ဝတ္ထုများပါဝင်ပြီး သင်္ခါရလောက ကတော့ သတ္တလောက နဲ့ ဩကာသလောက နှစ်မျိုးကို ပြုပြင်စီရင် ပေးနေသော ဖြစ်ပျက် မှု အစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လောကကြီး (၃) ပါး ထဲမှာ နေထိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သတ္တ၀ါ ဖြစ်တဲ့အတွက် သတ္တလောက၊ လူ့ခန္ဓာ ကိုယ်တွင်းမှာ ပိုးမျိုး (၈၀)၊ အကောင်အရေအတွက်ကတော့ အများကြီးရှိပါတယ်။ အဲဒီပိုးတွေကလည်း သူတို့ နေထိုင်တဲ့ အဆောက်အအုံကြီး၊ သူတို့မွေးဖွားပေါက်ဖွားရာ သားဖွားဆေးရုံကြီး၊ သူတို့သေဆုံးရာ သင်္ချိုင်းကြီးဆိုတော့ ဩကာသလောက၊ နောက်ပြီး ကျွန်တော်တို့က ပြုပြင်စီရင်မှု ခံနေရတဲ့ ဖြစ်ပျက်မှု အစဉ်ကြီး ဆိုတော့ သင်္ခါရလောကထဲမှာ နေပါတယ်။ ဘာလို့လဲဆို ကျွန်တော်တို့ ငယ်ရွယ်စဉ်အချိန်ကို ပြန်မရနိုင်တော့ဘူး။ ငယ်စဉ်တုန်းက ကျွန်တော့်ကို မောင်ထင်အောင်ကျော် လို့ခေါ်တယ်။ နောက်တော့ ကိုထင်အောင်ကျော်၊ အခုဆို ဦးထင်အောင်ကျော်၊ ဦးလေး၊ အန်ကယ်လို့ ခေါ်ကုန်ကြပြီး။ ကျွန်တော် ခေါ်ခိုင်းတာ မဟုတ်ဘူး၊ ကျွန်တော်ဖြစ်ချင်တာမဟုတ်ဘူး။ သူ့ရဲ့ သင်္ခါရသဘောအရ ပြုပြင်စီရင်မှုကို ခံရလို့ ဖြစ်ပါတယ်။ နောင်အနှစ် (၃၀) လောက် ဆိုရင် ဆံဖြူ သွားကျိုး၊ ခါးလည်းကုန်းရော ဘဘကြီး၊ ဘိုးဘိုးကြီးလို့ ခေါ်လာကြဦးမယ်။ ဒီလိုပြုပြင် စီရင်မှုကို ခံလာရတဲ့အတွက် သင်္ခါရလောကထဲမှာ ပါဝင်နေပြန်တယ်။ အဲဒီ လောကကြီး (၃) ပါး ဖြစ်တဲ့ ပညတ်နယ်ကို ခင်မင်တွယ်နေမယ် ဆိုရင်တော့ သံသရာမှာ မျော်နေဦးမှာဘဲ။ ပညတ်နယ်ပယ်ခင်မင်တွယ် အကန်မျက်စိလည် သလို ဖြစ်နေပါဦးမယ်။ ဒါကြောင့် ပရမတ်ကို နားလည်သင့်ပါတယ်။ ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် တို့ဖြစ်ပါတယ်။ စိတ်၊ စေတသိပ်၊ ရုပ်သည် အရှုခံ ဖြစ်ပြီး၊ နိဗ္ဗာန်က မျက်မှောက်ပြုရမှာ ဖြစ်ပါတယ်။ ပညတ်နှင့် ပရမတ်နယ်ကို စပ်ပြီး ရှူမှတ်ရမှာဖြစ်ပါတယ်။ ရှူမှတ်တဲ့အခါ စိတ်၊ စေတသိက်၊ ရုပ် တို့ အား ခန္ဓာ ငါးပါးအဖြစ် ခွဲခြားပြလို့ရပါတယ်။ စိတ်သည် သိမှုသဘော၊ စေတသိက်သည် စိတ်ကို မှီတွယ် ခြယ်လှယ်နေသည်။ စိတ်နှင့် စေတသိက် ပေါင်းလျှင် “နာမ်” ၊ ဒါကြောင့် အရှုခံက ရုပ်နဲ့နာမ်၊ ရှုမှတ်ရမည့်နည်းမှာ သတိပဋ္ဌာန် (၄) ပါး ၊ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ မည်သည့်လမ်း နဲ့ ပဲ ကျင့်ကျင့် လမ်းဆုံးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ တစ်ခါတည်းနဲ့တော့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ မဟုတ်ဘူးနော်။ ဘယ်အချိန်မှာ မျက်မှောက်ပြုသလဲ ဆိုတော့ ကိုယ့်ဘက်က ပြည့်စုံအောင် လုပ်ထားရမှာ (၄) မျိုးရှိပါတယ်။ အရှုခံမှန်ရမယ်၊ ရှုဉာဏ်မှန်ရမယ် ၊ သတိကဗိုလ် ဖြစ်ရမယ်၊ နှလုံးသွင်းမှန် တာတောင် အချိန်ရောက်ပြီး ပါရမီပြည့်မှ မဂ်ကျပြီး ဖိုလ်ဝင်စား၊ ဖိုလ်ဝင်စားပြိး နိဗ္ဗာန်မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ ဥပမာ- စာမေးပွဲဖြေသလိုပါဘဲ၊ ကိုယ့်ဘက်ကပြည့်စုံအောင်ဖြေပေးရမှာက ကိုယ့်တာဝန်၊ ဆရာဆရာမတွေ စိစစ်ဖို့ အချိန်စောင့်ပေးရမယ်။ အချိန်ရောက်ရင် အောင်စာရင်းထွက်မှ အောင်မှာဖြစ်ပါတယ်။
အပြည့်အစုံသို့...
ပြန်သိမ်းရန်..
နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသောလမ်းသည် “ဧကယန” လို့ခေါ်တဲ့ မဟာသတိပဋ္ဌာန် ပဲ ဖြစ်ပါတယ် မဟာသတိပဋ္ဌာန် မှာ လမ်းသွယ် (၄) လမ်းခွဲထွက်ပြီး ကာယ၊ ဝေဒနာ၊ စိတ္တ နဲ့ ဓမ္မ ရယ်လို့ သတိပဌာန်လေးပါးရှိပါတယ်။ သတိပဌာန် (၄) ပါးကို အသုံးပြုရန် အတွက် ခွန်းအားလိုအပ်ပါတယ် ။ Physical & Power စာသိနှင့် ကျင့်သိ ပရိယတ္တိ နှင့် ပဋိပတ္တိ ရှိရန်
လိုအပ်ပါတယ်။ ဘုရားရှင်က “သတိတစ်လုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်” လို့ ဆိုထားတဲ့အတွက် သတိတစ်လုံးနှင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ သတိ သည်လည်း ၀ိပဿနာသတိ ဖြစ်ရပါမယ်။
“သတိ” ဆိုသည်မှာ “ပစ္စုပ္ပန်တည့်တည့်တွင် ဖြစ်စဉ်တိုင်းပေါ်မှာ သိသိနေတယ်။ အမှတ်ထားတယ်၊ အောက်မေ့တယ်”။
“ပဋ္ဌာန်” ဆိုသည်မှာ “တည်ထားခြင်း” ၊ တနည်းအားဖြင့် “အာရုံ၌ စွဲမြဲစွာတည်သောသတိ” ဖြစ်ပါတယ်။ နိဗ္ဗာန်မရောက်မီ သံသရာကိုလည်စေတဲ့ တရားခံနှစ်ယောက်ကတော့ အ၀ိဇ္ဇာ နှင့် တဏှာ ၊ တနည်းအားဖြင့် လောဘ နှင် ဒိဋ္ဌိ ဖြစ်ပါတယ်။ လောဘ နှင့် ဒိဋ္ဌိ ရှိနေသရွေ့ သံသရာမှ မလွတ်မြောက်နိုင်ပါ။
“ဒိဋ္ဌိ” ဆိုသည်မှာ “အယူ”။ “မိစ္ဆာဒိဋ္ဌိ” က “အယူမှားခြင်း” ဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိ (၆၂) ပါးရှိပါတယ်။
ဒိဋ္ဌိ (၃) မျိုးသိထားရင် လုံလောက်ပါတယ်။
“သက္ကာယဒိဋ္ဌိ”
“ဥစ္ဆေဒဒိဋ္ဌိ”
“သဿတဒိဋ္ဌိ”
တို့ဖြစ်ပါတယ်။
“သက္ကာယဒိဋ္ဌိ” ဆိုသည်မှာ “အထင်အရှားရှိသော အပေါင်းအစု” ဖြစ်ပါတယ်
“သက္ကာယတွင် သူငါထင် ခေါ်တွင် ဒိဋ္ဌိပါ၊
သက္ကာယကို အတ္တထင် ယူလျှင် ဒိဋ္ဌိပါ၊
ဝိပဿနာရှုစရာ မှတ်ပါသက္ကာယ၊
သက္ကာယတွင် ရှုသောအခါ ထင်လာလက္ခဏာ”
“လက္ခဏာ” ဆိုသည်မှာ အမှတ်အသားဖြစ်ပါတယ်။ လက္ခဏာ (၂) မျိုးရှိပါတယ်။
(၁) သဘာဝ လက္ခဏာ နှင့်
(၂) သာမည လက္ခဏာ ဖြစ်ပါတယ်။
သဘာဝလက္ခဏာဆိုတာက မူပိုင် လက္ခဏာ Individual characteristic သီးခြား လက္ခဏာ လို့လည်း ခေါ်နိုင်ပါတယ်။
သာမညလက္ခဏာ ဆိုတာက ပုံမှန် အများဆိုင်ဖြစ်ပါတယ်။ ဥပမာ- ဒေါ်ဖြူနှင့် ဒေါ်ညို တို့တွင် ဒေါ်ဖြူက ပိန်ပြီး ဖြူတယ်၊ ဒေါ်ညိုက ၀ပြီးညိုတဲ့အတွက်ကြောင့် သူရဲ့မူပိုင်/ သဘာဝလက္ခဏာ များမှာကွဲပြားကြပေမယ့် ဒေါ်ဖြူ နှင့် ဒေါ်ညိုတို့သည် အမျိုးသမီးများဖြစ်ကြတဲ့အတွက် သာမည လက္ခဏာ မှာ တူညီကြပါတယ်။
သတိပဋ္ဌာန်လေးပါးတွင်-
ကာယနုပဿနာသတိပဋ္ဌာန်တွင် အပိုင်း (၆)ပိုင်း၊
ဝေဒနာနုပဿနာသတိပဋ္ဌာန်တွင် အပိုင်း (၉)ပိုင်း၊
စိတ္တာနုပဿနာသတိပဋ္ဌာန်တွင် အပိုင်း (၁၆)ပိုင်း၊
ဓမ္မာနုပဿနာသတိပဋ္ဌာန်တွင် အပိုင်း (၅)ပိုင်း၊
အားလုံးပေါင်းမည်ဆိုရင် အပိုင်းပေါင်း (၃၆) ပိုင်းရှိပါတယ်။
မည်သည့် သတိပဋ္ဌာန် နှင့် အားထုတ်အားထုတ် သဘာဝလက္ခဏာတွင် ကွဲပြားကြပေမယ့် သာမညလက္ခဏာ “ ဖြစ်ပျက်” တွင် အားလုံးတူညီကြပါတယ်။ သတိပဋ္ဌာန်လေးပါး တွင် မည်သည့် သတိပဋ္ဌာန် နှင့် ဖြစ်စေ၊ အားထုတ်လာတဲ့ သတိပဋ္ဌာန်တို့တွင် ကွဲပြားပေမယ့် နိဗ္ဗာန်ရောက်ကြောင်းမှာတော့ အတူတူပဲဖြစ်ပါတယ် ။ ၀ိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်တွေသည် သဘာဝ လက္ခဏာ နှင့် သာမညလက္ခဏာ ကို မသိဘူးဆိုရင် တရားမရနိုင်ပါ။ ၀ိပဿနာ ဉာဏ်တောင် သိမှာမဟုတ်ပါဘူး။ ပိပဿဏာဉာဏ်ဆိုတာ ဘယ်လက္ခဏာ ရောက်ရမှာလဲ ဆိုတော့ သာမညလက္ခဏာ (ဖြစ်ပျက်သဘော) မြင်ပြီဆိုရင် “ ၀ိပဿနာဉာဏ် ” ကိုစတင်ရရှိပါတယ်။
“လောဘများပြီးဉာဏ်ထိုင်းလျှင် ကာယနုပဿနာသတိဋ္ဌာန်” နှင့် အားထုတ်ရမှာဖြစ်ပြီး၊
“လောဘ များပြီး ဉာဏ်ထက်လျှင် ဝေဒနာနုပဿနာသတိပဋ္ဌာန်” နှင့်အားထုတ်ရမှာဖြစ်ပါတယ်။
“ဒိဋ္ဌိများပြီး ဉာဏ်ထိုင်းပြီး စိတ္တာနုပဿနာသတိပဋ္ဌာန် ” နှင့် အားထုတ်ရမှာဖြစ်ပြီး၊
“ဒိဋ္ဌိများပြီး ဉာဏ်ထက်လျှင် ဓမ္မာနုပဿနာသတိပဋ္ဌာန်” နှင့် အားထုတ်ရမှာဖြစ်ပါတယ်။လူတိုင်းသည် မိမိစရိုက် နှင့် ကိုက်ညီသော ကမ္မဋ္ဌာန်း နှင့် အားထုတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မိမိသည် မည်သို့သော စရိုက်ရှိသည့် ပုဂ္ဂိုလ် လဲဆိုတာ အတိအကျမည်သူမျှမပြောနိုင်သည့်အတွက် ကမ္မဋ္ဌာန်း တစ်မျိုးပြီး တစ်မျိုးပြောင်းပြီး အားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ခုနှင့် ကိုက်ညီသွားလျှင် ကျန်သော ကမ္မဋ္ဌာန်းများနှင့်လည်း ရှုမှတ်တတ်သွားပါတယ်။မည်သည့် သတိပဋ္ဌာန် နှင့် ပဲရှုရှု ပယ်သတ်ရမည့်တရား အုပ်စု (၃) မျိုးရှိပါတယ်။ မီး (၁၀)၊ ကိလေသာ (၁၄) ပါး နှင့် သံယောဇဉ် (၁၀) ပါး ဖြစ်ပါတယ်။
မီး (၁၀) ပါး
၁။ လောဘ
၂။ ဒေါသ
၃။ မောဟ(တွေဝေ)
၎။ ဇာတိ (ပဋိသန္ဓေနေ)
၅။ ဇရာ (ရင့်ရော်)
၆။ မရဏ (သေခြင်း)
၇။ သောက (စိုးရိမ်ကြောင့်ကြ)
၈။ ပရိဒေ၀ (ငိုကြွေး)
၉။ ဒုက္ခ (ဆင်းရဲခြင်း)
၁၀။ ဥပါယာသ (စိတ်ပင်ပန်း)
တို့ဖြစ်ပါသည်။
ကိလေသာ (၁၄) ပါး
၁။ လောဘ
၂။ ဒေါသ
၃။ မောဟ
၎။ မာန
၅။ ဒိဋ္ဌိ
၆။ ၀ိစိကိစ္ဆာ
၇။ ထိန
၈။ ဥဒ္ဓစ္စ
၉။ အဟိရိက
၁၀။ အနောတ္တပ္ပ
၁၁။ ဣဿာ
၁၂။ မစ္ဆရိယ
၁၃။ ကုက္ကုစ္စ
၁၄။ မိဒ္ဓ (ထိန နှင့်ပေါင်း )
သံယောဇဉ် (၁၀) ပါး
၁။ အ၀ိဇ္ဇာ
၂။ ဥဒ္ဓစ္စ
၃။ မာန
၎။ အရူပရာဂ
၅။ ရူပရာဂ
၆။ ဗျာပါဒ
၇။ ကာမရာဂ
၈။ သီလဗ္ဗတပရာမာသ
၉။ ၀ိစိကိစ္ဆာ
၁၀။ ဒိဋ္ဌိ
သံယောဇဉ် (၁၀) ပါးကိုတော့ ၀ိပဿနာ အားထုတ်မည့်သူများ သိရှိထားရမှာ ဖြစ်ပါတယ်။
အထက်ပါ မီး (၁၀) ပါး ၊ ကိလေသာ (၁၄) ပါး နှင့် သံယောဇဉ် (၁၀) ပါးတို့ကို အခြေခံအနေနှင့် သိထားသင့်ပါသည်။ ၎င်း တို့ ၏ အဓိပ္ပါယ်ကို နောက်ပိုင်း ပို့စ်များမှာ ဖော်ပြပါ့မည်။
ဝိပဿနာ ဘာဝနာ ကို စတင်ရှုမှတ်တော့မယ် ပုဂ္ဂိုလ် အတွက် ဤသို့သော အချက်အလက်လေးများအခြေခံ အဖြစ် သိထားသင့်ထင်ပါသည်။
အပြည့်အစုံသို့...
ပြန်သိမ်းရန်..
(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် ၊ သစ်သီး ဥယျာဉ် များကို လှူဒါန်းခြင်း။
(၂) ၀နရောပ ဒါန = အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းခြင်း။
(၃) သေတုကာရက ဒါန = တံတားခင်၍ လှူဒါန်းခြင်း။
(၄) ပပါ ဒါန = ရေအိုးစင်တည်၍ လှူဒါန်းခြင်း။
(၅)ဥဒပါန ဒါန = ရေတွင်း၊ ရေကန်တူး၍ လှူဒါန်းခြင်း။
(၆) ဥပဿဒါန = ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ် လှူဒါန်းခြင်း။
ဤ ဒါန (၆) ပါး အနက် တစ်မျိုးမျိုး ကို လှူဒါန်းသူသည် နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကုသိုလ် တရားပွားများ၏။ သောလွန်သောအခါ နတ်ပြည်သို့ လားရောက်ရ၏။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ညဉ့်သန်းခေါင်ယံ အချိန်ဝယ် နတ်သားတစ်ပါး မေးလျှောက်၏။
အရှင်ဂေါတမ.. အဘယ်သူတို့အား နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားပါသနည်း၊ အဘယ်သူတို့သည် တရား၌ တည်ကုန်ပါသနည်း၊ အဘယ်သူတို့သည် သီလနှင့်ပြည့်စုံပါကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကြရပါကုန်သနည်း
အို…နတ်သား၊ အကြင်သူတို့သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်၊ အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြကုန်၏။ တံတားခင်းကြကုန်၏၊ ရေအိုးစင် တည်ခင်ကြကုန်၏၊ ရေတွင်း ရေကန်နှင့် နေရာကောင်းတို့ကို လှူဒါန်းကြကုန်၏။ ထိုသူတို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွား၏။ ထိုသူတို့သည်တရား၌ တည်ကုန်၏။အလေ့အထ စာရိတ္တ သီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို့ သေလွန်သော် နတ်ပြည်သို့ သွားကုန်၏
ဟု မြတ်စွာဘုရား ဖြေကြားတော်မူ၏။
(သံ၊ ၁။ ၃၀-၃၁။ သံ၊ ဋ္ဌ၊ ၁။ ၈၃ )
အပြည့်အစုံသို့...
ပြန်သိမ်းရန်..