သီလ၏ အနက် အဓိပ္ပါယ်ကား အဘယ်နည်း။
၁။ သဒ္ဒါတတ်ကျွမ်းသည့် ပညာရှင်တို့က “သီလန” မှ “သီလ” ဖြစ်လာသည် ဟု ယူဆကြ၏။ သီလနတွင်
(၁) ကောင်းစွာထားခြင်း(သမာဓါန)
(၂) တည်ရာဖြစ်ခြင်း (အဓါရ)
ဟူသော အဓိပ္ပါယ် နှစ်မျိုးရှိ၏။
“ကောင်းစွာထားခြင်း” ဟူသည်မှာ ကိုယ်မှု နှုတ်မှုတို့ကို ဖရိုဖရဲမကြဲစေဘဲ (၀ါ) ပရမ်းပတာ မဖြစ်စေဘဲ ကောင်းစွာထားခြင်း ဖြစ်သည်။ ဤသို့ ထားနိုင်ရန် အတွက် ကာယ ဒုစရိုက်သုံးပါး နှင့် ၀စီ ဒုစရိုက် လေးပါး တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။
“တည်ရာဖြစ်ခြင်း” ဟူသည်မှာ ကုသိုလ်တရားတို့၏ တည်ရာ ဖြစ်ခြင်းကို ဆိုလို၏။ ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ်သည့်အခါ ကာမကုသိုလ် ဖြစ်၏။ ဤကာမကုသိုလ်ကို အခြေခံ၍ မဟဂ္ဂုတ်ကုသိုလ် (ဈာန်ကုသိုလ်) နှင့် လောကုတ္တရာကုသိုလ် (မဂ်ကုသိုလ်) တို့ ဖြစ်ပေါ်အောင် ဆက်လက်အားထုတ်ရ၏။
၂။ အချို့သော ဆရာတို့က “သိရ”=ဦးခေါင်းမှ “သီလ” ဖြစ်လာသည်ဟု ယူဆကြ၏။ ဦးခေါင်းသည် ခန္ဓာကိုယ်၏ အမြတ်ဆုံးအင်္ဂါ ဖြစ်သည်နှင့်အညီ သီလသည် ကုသိုလ်တရားတို့တွင် အမြတ်ဆုံး ကုသိုလ် ဖြစ်သည်ကို ဖော်ပြလိုခြင်း ဖြစ်၏။
၃။အချို့ဆရာတို့က “သီတလ”= အေးမြခြင်းမှ “သီလ” ဖြစ်လာသည် ဟု ယူဆကြ၏။ သတ္တ၀ါတို့၏ သန္တာန်၌ လောင်မြိုက် နေသော ကိလေသာမီး တို့ကို မည်သည့် ရေအေး၊ လေအေး၊ စန္ဒကူးနံ့သာအေး တို့ဖြင့် မငြိမ်းအေးစေနိုင်ဘဲ သီလအအေးဓါတ်ဖြင့်သာ ငြိမ်းအေးစေနိုင်သည်ကို ဖော်ပြလိုခြင်းဖြစ်၏။
(ဒေါက်တာမင်းတင်မွန်၏ မြတ်သီလစာအုပ်မှ-)
မိမိအတွက်အကျင့်ကောင်း၊ စိတ်ထားကောင်းများနှင့် ကောင်းကျိုးများကိုပါ ချက်ချင်းလက်ငင်း ခံစားရသောကြောင့် သီလ ဟူသည် လိုက်နာကျင့်ခြင် စောင့်တည်ခြင်းငှာ ထိုက်ပါသည်။

0 comments:
Post a Comment